သတင်း

ဖားကန့် ဝှေခါမှာ စစ်တပ်ကလေယာဥ်နဲ့ဗုံးကျဲ၊ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီထွက်ပြေးနေရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းလေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေလည်းဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ ဝှေခါရဲစခန်းနဲ့စစ်တပ်စခန်း ၂ခုကို KIA KPDF တပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဝှေခါဘက်ကို စစ်ကောင်စီတပ်က မနေ့ညနေပိုင်းကတည်းကနေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့သလို ဒီကနေ့ဇန်နဝါရီလ ၈ရက်နေ့ မနက် ၁၁ နာရီမှာလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက KNGကိုအတည်ပြုပြောဆိုပါတယ်။

ဖားကန့်လက်ရှိအခြေအနေက လက်ရှိကျန်နေတဲ့ကုန်းကိုကာတဲ့သဘော နဲ့လေယာဥ်နဲ့လာပစ်သွားတယ်ဗျ။ လာတာက တစ်စီးပဲလာတယ် ကျဲတာလည်းတစ်လုံးပဲကျဲပြီးလှည့်ပြန်သွားတယ်။ ဒီဘက် KIA PDF တွေရှိတယ်လို့ထင်တဲ့နေရာကိုကျဲသွားတာ အထိအခိုက်တော့မရှိပါဘူးလို့ ပြောပါတယ်။

ဝှေခါမှာရှိတဲ့ စစ်တပ်စခန်းတစ်ခုနဲ့ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပေမယ့် အခိုင်အမာခြေကုပ်ယူထားတဲ့ စစ်တပ်ကုန်းတစ်ကုန်းကျန်ရှိနေသေးတာဖြစ်ပြီး အဲ့ဒီစစ်တပ်ကုန်းကိုကာတဲ့သဘောနဲ့ဒီကနေ့ မနက် ၁၁ နာရီမှာလေယာဥ်နဲ့ဗုံးကျဲခဲ့သလို မနေ့ည ကနေဒီကနေ့မနက်ပိုင်းအထိလည်း လက်နက်ကြီးတွေဆက်တိုက်ပစ်ကူနေတယ်လို့သိရပါတယ်။

တခြားကတော့မကြားဘူး ညတုန်းကတော့ ည ၅နာရီလောက်ကတည်းကနေ လက်နက်ကြီးတွေစပစ်တာ မနက် ၆နာရီလောက်ကမှငြိမ်သွားတယ်လို့ ဖားကန့်ဒေသခံ တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဝှေခါကျေးရွာဘက်ကို ဆန်းကြွယ်လက်နက်ကြီးကုန်းနဲ့ ဖားကန့်ဗျူဟာကုန်း ၂နေရာကနေ ပစ်ကူနေတာလို့သိရပါတယ်။

စစ်ကောင်စီတပ်က ခုလိုဝှေခါဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဝှေခါဒေသခံတွေနဲ့ ဝှေခါအနီးဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူတွေဟာ ဆိုင်းတောင်ကျေးရွာထဲကို ဇန်နဝါရီ ၆ ရက်နေ့ညပိုင်း ကတည်းကနေထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ စစ်ဘေးရှောင်တွေက်ိုကူညီပေးနေတဲ့ ဆိုင်းတောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

စစ်ရှောင်တွေရောက်လာကြတယ်လောလောဆယ် သုံးနေရာမှာနေရာ ချထားပေးတယ် ဝှေခါနဲ့ရွာချင်းဆက်ရွာကလူတွေရောက်လာကြတာ ဒီနေ့ကတော့မရှိတော့ဘူးထပ်ရောက်လာတဲ့လူ မနေ့ကထိတော့အများကြီးရောက်လာကြတယ် အားလုံးပေါင်းဆို လူဦးရေ ၁၀၀၀ ကျော်မယ်လို့သူကပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေကို ဝှေခါကျေးရွာမှာရှိတဲ့ တောင်ပေါ်ဘုန်းကြီးကျောင်း၊ မှော်လျှံဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းသုံးနေရာမှာချထားပေးတယ်လို့သိရပါတယ်။

ဖားကန့်နယ် ဝှေခါဘက်မှာအခုလိုစစ်ရေးတင်းမာနေတာကြောင့် ဝှေခါအင်းတော်ကြီးလမ်းပိုင်းကိုစစ်ကောင်စီတပ်က ဇန်နဝါရီ ၆ရက်နေ့ညပိုင်းကတည်းက နေစတင်ပိတ်ထားခဲ့ပြီး ဒီကနေ့ထိပြန့မဖွင့်ပေးသေးဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဝှေခါမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကုန်း ၂ခုနဲ့ နန့်တိန်းထဲကစစ်တပ်စခန်းတစ်ခုတို့ကို KIAKPDF ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၆ရက်နေ့ မနက်အစောမှာသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By- Zaw Zaw

Show More

Related Articles

Back to top button