သတင်း

စီအူကျေးရွာမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကျဲ၊ ဒေသခံအမျိုးသမီး ၂ ဦးကျည်ထိမှန်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် စီအူကျေးရွာက မင်္ဂလာဆောင်ပွဲတစ်ခုမှာ စစ်ကောင်စီတပ်ကလေယာဉ်နဲ့လာရောက်ဗုံးကျဲသွားတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ ဒီကနေ့မနက် ၁၀ နာရီလောက်အချိန် စီအူကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းဘေးနားက ခန်းမဆောင်တစ်ခုမှာ မင်္ဂလာပွဲတစ်ပွဲကျင်းပနေတဲ့ချိန် ဗုံးကျဲသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလို‌ ပြောပါတယ်။

ဘုန်းကြီးကျောင်းနဲ့ခန်းမဆောင်ကြားက အိမ်သာမှာလာကျတယ်။ ပြီးတော့ အဲက ဗုံးစတွေကခန်းမဆောင်နဲ့ဘုန်းကြီးကျောင်းတွေမှာ ပြန်လာထိတယ်။ တစ်ယောက်ကတော့ လက်မှာထိတယ်နောက်တစ်ယောက်ကတော့ ပေါင်မှာထိတယ် ကြက်နဲ့ခွေးတွေတော့သေတာတွေရှိတယ်လို့ ပြောပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန် ခန်းမဆောင်မှာမင်္ဂလာပွဲပြုလုပ်နေချိန်ဖြစ်တဲ့အတွက် အသက်၃၀ကျော်အရွယ် အမျိုးသမီးနှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စီအူကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်ကောင်စီတပ်ဘက်က  ခုလိုအရပ်သားတွေရှိတဲ့ မင်္ဂလာဆောင်ပွဲမှာလာရောက်ဗုံးကြဲတိုက်ခိုက်တာက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ စီအူဒေသခံတွေက ပြောပါတယ်။

အဲမှာက သူတို့က တမင်သက်သက်လာပစ်တာ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ပစ်တာ။ ဘာဖြစ်လို့လဲဆိုတော့ အဲမှာက စစ်ရောမဖြစ်တဲ့နေရာ စစ်ရေးလှုပ်ရှားမှုလည်းမရှိဘူးလေလို့ စီအူဒေသခံတစ်ဦးက ဆိုပါတယ်။

ဗန်းမော်ခရိုင် မံစီမြို့နယ် စီအူကျေးရွာဟာ အိမ်ခြေသုံးရာကျော်ရှိပြီး ကချင်၊ဗမာ၊ရှမ်း အစရှိတဲ့တိုင်းရင်းသားလူမျိုးတွေ နေထိုင်တဲ့နေရာဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button