သတင်း

ဖားကန့်သွားလမ်းက ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေထပ်မံတိမ်းရှောင်နေရ

ဖားကန့်သွားလမ်းမပေါ် နမ်တိန့်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေဟာ တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုင်းဖရာဒေသခံတွေဆီကနေ သိရပါတယ်။

နမ့်တိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KIA က အပြီးသတ်သိမ်းဆည်းနိုင်ခြင်းမရှိသေးဘဲ အပြီးသတ်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတာကြောင့် ၂ ဖက်တပ် စစ်ရေးတင်းမာမှုဖြစ်ပေါ်နေပြီး လက်ရှိမှာ ဖားကန့်လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေဟာ တောတွင်းနေရာတွေမှာ ခက်ခက်ခဲခဲတိမ်းရှောင်နေကြရတယ်လို့ ဆိုင်းဖရာဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

နမ့်တိန်မှာက ရွာသားတွေ တစ်ယောက်မှရှိတော့ဘူး။ ပြီးရင် ဒီတစ်လျှောက်မှာရှိတဲ့ ရွာတွေလည်း တတ်နိုင်သလောက် ရှောင်နေရတယ်။ ဆိုင်းဖရာ၊ ကပ်မှော်၊ နန့်ယား ကျေးရွာတွေက တစ်ဝက်လောက်ကျန်သေးတယ်။ အများတော့ နန့်ယားနဲ့အနီးတဝိုက်တောနေရာတွေမှာ တိမ်းရှောင်နေကြတယ်လို့ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နမ့်တိန်ဒေသခံ ၈၀ လောက်က ရွာလုံးကျွတ်တိမ်းရှောင်နေရပြီး နန့်ယား၊ ကပ်မှော်၊ တံတားညီနောင်၊ ခွန်စိုင်ဇွပ်၊ ဆိုင်းဖရာနဲ့ ပျားအုံ စတဲ့ ကျေးရွာက ဒေသခံ ၂၀၀ ကျော်လောက်က ဇန်နဝါရီ ၆ ရက်နေ့ကနေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲဒီ ကျေးရွာ ၆ ခုလောက်က ဒေသခံပြည်သူတွေဟာ နန့်ယားကျေးရွာအနောက်ဘက်ခြမ်းမှာရှိတဲ့ ယုဇနပါ(Yuzana Pa)နဲ့ မလူပါ(Malu Pa) တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် အဝတ်အစားနဲ့ အစားအသောက် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုင်းဖရာဒေသခံက ဆက်ဆိုပါတယ်။

ပြောချင်တာကလေ အမြန်အဆုံးသတ်မယ်ဆိုရင်လည်း အမြန်သတ်လိုက်တာကောင်းတယ်။ အဲလိုမှမဟုတ်ရင် ကျနော်တို့ ဒေသခံတွေက ကြောက်လန့်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ အစားအသောက်ခက်တယ်။ သူတို့ အဆုံးမသတ်နိုင်ရင်လည်း သွားမလုပ်တာကောင်းမယ်လို့ပြောချင်တယ်။ နောက်ဆုံးပြန်ခံရတာက ကျနော်တို့ပြည်သူတွေပဲ ပြန်ခံရတာဖြစ်တယ်လို့ပြောပါတယ်။

KIA တပ်ဖွဲ့တွေဟာ ဇန်နဝါရီလဆန်းလောက်ကနေ ဖားကန့်လမ်းတစ်လျှောက် စစ်ကောင်စီတပ်စခန်းရှိတဲ့ နေရာတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး ဖားကန့်လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာနေ ဒေသခံပြည်သူတွေကိုလည်း ယာယီစစ်ရှောင်စခန်းတွေဖွင့်ပြီး တိမ်းရှောင်ကြဖို့ ပြောဆိုထားတာတွေလည်းရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် လက်ရှိမှာ ကျေးရွာနေပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်ချိန်မရလိုက်ပဲ ဇန်နဝါရီလ ၆ ရက်နေ့မှာ နမ်တိန့်တပ်စခန်းနဲ့ ဝှေခါတပ်စခန်း ၂ နေရာကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဖားကန့်သွား လမ်းမပေါ်မှာရှိတဲ့ ကျေးရွာနေပြည်သူတွေဟာ ဘေးလွတ်ရာကိုထပ်မံထွက်ပြေးတိမ်းရှောင် နေရတာဖြစ်ပြီး လက်ရှိမှာ ၂ ဖက်စစ်တပ်က စစ်ရေးတင်းမာမှုဖြစ်နေတဲ့ အခြေအနေမှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် ဖားကန့် ဝှေခါကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ တစ်ထောင်ကျော်လောက်က ရွာဘုန်းကြီးကျောင်း ၃ နေရာလောက်မှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။

ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ပျားအုံ၊ ဆိုင်းဖရာနဲ့ ကပ်မှော်စတဲ့ ကျေးရွာနေပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း ဖားကန့် လမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် လရှည်တိမ်းရှောင်မှုများရှိခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button