သတင်း

ခခူးပုံနှိပ်တိုက်က ကချင်လူငယ် ၂ ယောက်ကို စစ်တပ်ကဖမ်းဆီးသွား

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာရှိတဲ့ ခခူးပုံနှိပ်တိုက်ဆိုင်ထဲက ကချင်လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခေါ်သွားတယ်လို့ ဖားကန့် ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ ပုံနှိပ်တိုက်လုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၂၀ နှစ်ဝန်းကျင်အရွယ်ရှိသူ ကိုအဘရန့်ဆိုသူနဲ့ တစ်ထပ်တစ်ယောက်ကို ရဲနဲ့ စစ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

တစ်ယောက်ယောက်ရဲ့တိုင်ကြားမှုကြောင့်ဖြစ်နိုင်တယ်။ ၅ နာရီလောက်မှာ လာဖမ်းသွားတယ်။ ဆိုင်ရှင်ကတော့ အပြင်ရောက်နေလို့ ဆိုင်ကဝန်ထမ်း ၂ ယောက်ကိုပဲ ဖမ်းဆီးတယ်လို့ကြားတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်ဖမ်းဆီးခံရတဲ့ ခခူးပုံနှိပ်တိုက်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေနဲ့ စပ်ဆိုင်တဲ့ အမှတ်တံဆိပ်၊ စာစီစာရိုက်တာတွေ လုပ်ဆောင်ပေးနေတာကြောင့် အခုလို ဝင်ရောက်စစ်ဆေး ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ သူက ဆက်ဆိုပါတယ်။

ကျနော်တို့ သိရသလောက်က PDF တွေရဲ့ အမှတ်တံဆိပ်တွေ ရိုက်ပေးတာတို့၊ စာထုတ်ပေးတာတို့ အဲ့လိုကြားတယ်လို့ ရှောင်တခင်ဝင်စစ်ပြီး ဖမ်းသွားတယ်လို့ ပြောနေကြတယ်ပဲလို့ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတာဟာ စစ်တပ်သတင်းပေးမှုကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး လက်ရှိဖမ်းဆီးခံရတဲ့ ကချင်လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထားတာကို အသေးစိတ်မသိရသေးဘူးပြောပါတယ်။

စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးသွားတဲ့ထဲမှာ လူငယ် ၂ ယောက်အပြင် ပုံနှိပ်တိုက်ဆိုင်အတွင်းထဲက ကွန်ပျူတာစက်နဲ့ အခြားစက်ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း ဖားကန့် မှော်စီစာရပ်ကွက်မှာ အမျိုးသမီးနဲ့ လူငယ်တွေအတွက်ရည်ရွယ်ပြီး ကွန်ပျူတာသင်ကြားပေးနိုင်ရေး အလုပ်ရုံစင်တာတစ်ခုကို ကချင်အမျိုးသားဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Myu Sha Zimlum Hpung)က ဦးဆောင်ပြီး ဆောက်လုပ်ပေးခဲ့ရာမှာ စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးပေးလိုက်ပါတယ်။

အဲဒီအလုပ်ရုံစင်တာကို ဆောက်လုပ်ပြီးစီးပြီး မတ်လ ၁၆ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့တဲ့ ၃ ရက်နေ့မှာ စစ်အင်အားအလုံးအရင်းနဲ့ လာရောက်ဖျက်ဆီးသွားတဲ့အပြင် ရုံးစောင့် အမျိုးသားတစ်ယောက်ကိုလည်း ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားကို ၂၀၂၃ ခုနှစ် ဇွန်လ လောက်မှာ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button