သတင်း

မိုးကောင်းမြို့ ရွှေပီတိစားသောက်ဆိုင်ကို စစ်တပ်က ချိတ်ပိတ်

ကချင်ပြည်နယ် မိုးကောင်းမြို့ အရှေ့ရပ်ကွက် ရွှေပီတိစားသောက် ဆိုင်ပိုင်ရှင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DF နဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ကို စစ်တပ်က ချိတ်ပိတ်လိုက်တယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဆိုင်ပိုင်ရှင်ကိုစိုင်းဘိုကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးသွားပြီးနောက် ၄ လအကြာ နေအိမ်နဲ့ဆိုင်ကို လာရောက်ချိတ်ပိတ်သွားတာဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဆိုင်နဲ့အိမ်က တွဲရပ်ဖွင့်ထားတာ မနေ့ည ပစ္စည်းတွေရွေ့ခိုင်းလို့ သူ့မိန်းမနဲ့မိသားစုဝင်တွေက ဒီမနက်ထိတော့ ရွှေ့နေကြတယ်။ စောနလာပိတ်သွားတာလို့သိရတယ်လို့ပြောပါတယ်။

ဒါ့အပြင် စားသောက်ဆိုင်ပိုင်ရှင် ဦးစိုင်းဘိုဟာ ဖမ်းဆီးခံသွားရတာ ၄ လလောက်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့အမှုအခြေနေကိုတော့ အသေးစိတ်မသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခုနောက်ပိုင်းက မိုးကောင်းဖမ်းထားတဲ့သူတွေ မိုးညှင်းဘက်ပို့တာ အချုပ်ကားတောင်မသုံးဘူး။ အိမ်စီးကားနဲ့ပို့တာ ဘယ်ချိန်ဘယ်နေ့ပို့သလဲတောင် မသိရဘူး။ အမှုအခြေနေတော့ အသေးစိတ်မသိရဘူး ထောင်မကျ‌ဘဲ အမှုရင်ဆိုင်နေရတုန်းလို့ဘဲ သိထားတယ်လို့ပြောပါတယ်။

မိုးကောင်းမြို့မှာ ၂၀၂၃ ခုနှစ်  ဩဂုတ်လ ၁၉ ရက်နေ့က စစ်တပ်ရဲ့ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခံရပြီးနောက် တစ်ဆက်တည်းမှာဘဲ စစ်ကောင်စီတပ်ဟာ အရပ်သား‌အမြောက်အများကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီထဲ အာမခံနဲ့လွတ်မြောက်လာသူရှိသလို စစ်ကြောရေးမှာ နှိပ်စက်မှုတွေကြောင့် အသက်သေဆုံးခဲ့သူ ၂ ဦးအပြင် အမှုရင်ဆိုင်နေရသူတွေလည်း အများအပြားရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် မိုးကောင်းမြို့မှာ နေအိမ်ချိတ်ပိတ်ခံရတာ ၆ အိမ်ထက်မနည်းရှိလာပြီဖြစ်တယ်လို့လည်း သိရပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button