သတင်း

ဝိုင်းမော်မှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက မိသားစုပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်း ဖမ်းဆီးနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ()ကျေးရွာမှာ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေက လီဆူလူမျိုးတွေကို မိသားစုတွေပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောင်မြေ(ပြည်သူ့စစ်တပ်စခန်း အထိုင်ချထားတဲ့ အင်လုန်ခ(N-Lung Hka)တံတားမှာ လမ်းသွားလမ်းလာတဲ့ ပြည်သူတွေကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးနေပြီး လီဆူလူမျိုးဖြစ်တဲ့သူတွေကို ဖမ်းဆီးထားတယ်လို့ အောင်မြေ(ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။

ဟုတ်တယ် ဒီကစ္စနဲ့ ပတ်သက်ပြီး အရမ်းအံ့ဩနေကြတယ်။ စနေနေ့မှာလည်း အများကြီးဖမ်းထားတယ်။ အဲ့ဒီဂိတ်မှာရောက်တာနဲ့ဘာလူမျိုးလဲအရင်မေးတယ်။ လီဆူနဲ့လော်ဝေါ် ဆိုရင်အကုန်ရပ်ခိုင်းနေတယ်။ အများကြီးဖမ်းထားတယ်။ ကားပေါ်မှာပါလာရင်လည်း လီဆူဆိုရင်အကုန်ဆွဲချတယ်။ မိခင်တွေပါမကျန်ဖမ်းတယ်။ အဲ့ကြောင့်လေ သွားလာဖို့အရမ်းခက်နေတယ်။ ဒီကနေ့လည်းဖမ်းနေတယ်

အင်လုန်ခပြည်သူ့စစ်ဂိတ်နေရာမှာ ဇန်နဝါရီလ ၁၃ ရက် စနေ့ကနေ တင်းတင်းကြပ်ကြပ် ဖမ်းဆီးနေတာဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးခံထားရသူ လီဆူပြည်သူ ၃၀ လောက်ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲ လီဆူလူမျိုးတွေအများဆုံးနေထိုင်ကြတဲ့ အောင်မြေ( ဝူယာန်နဲ့ စန်ကား စတဲ့နေရာတွေမှာ တစ်အိမ်ဆင်းတစ်အိမ်တက် ပြည်သူ့စစ်တပ်သားမလုပ်မနေရ လိုက်လံဖမ်းဆီးနေပြီးတော့ ပြည်သူ့စစ်လုပ်ဖို့ငြင်ဆို တိမ်းရှောင်ကြတဲ့ နေအိမ်တွေမှာ အသက်ကြီးရင့်သွားတဲ့သူတွေကိုပါ ဖမ်းဆီးနေကြတယ်လို့ သူကဆက်ဆိုပါတယ်။

ဖမ်းဆီးတာကလေ အင်လုန်ခ ပြည်သူ့စစ်နေရာမှာပဲမဟုတ်ဘူး။ အိမ်အထိလည်း လိုက်ဖမ်းနေတယ်။ ဒီသလောပိုဆိုးဆိုးရွားရွားလုပ်နေကြတယ်။ သူတို့လိုက်ဖမ်းတဲ့အခါမှာ အရွယ်ရောက်တဲ့ လူငယ်တွေမရှိဘူးဆိုရင် အိမ်မှာရှိတဲ့ အသက်ကြီးတဲ့သူတွေကိုပါ မရရအောင်ဖမ်းဆီးသွားပြီး အတင်းအဓမ္မ ဝန်ခံကတိလက်မှတ်တွေရေးထိုးခိုင်းပြီး ပြန်လွတ်ပေးနေတယ်လို့ပြောပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ပြည်သူ့စစ်လုပ်ဖို့ ငြင်ဆန်နေတဲ့သူတွေကို အိမ်တိုင်ရာအရောက်လိုက်လံဖမ်းဆီးနေပြီး နေအိမ်မှာမရှိတဲ့သူတွေကို မိသားစုဝင်တွေကိုပါ ဖမ်းဆီးသွားပြီး ပြန်ခေါ်လာပေးဖို့ ဝန်ခံကတိထိုးခိုင်းပြီး ပြန်လည်လွတ်ပေးတာတွေလုပ်ဆောင်နေတယ်လို့ ဆက်ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ဦးရွှေမင်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တပ်သားစုဆောင်းတာတွေကို နှစ်ဆန်းပိုင်းလောက်ကနေ ဆိုးဆိုးရွားရွား ဖမ်းဆီးလာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို မိသားစုတွေပါမကျန် ဖမ်းဆီးလာတဲ့အထိ လုပ်ဆောင်လာတာဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ လောက်မှာ တာလောကြီးကျေးရွာအနီးတဝိုက်ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ပြည်သူ့စစ်လုပ်ဖို့ စုဆောင်းထားတဲ့ တပ်သားအများပိုင်းက ထွက်ပြေးသွားကြပြီး စစ်အင်အားလျှော့နည်းသွားတာကြောင့် ဖြစ်တယ်လို့ အောင်မြေ(ဒေသခံအမျိုးသားတစ်ယောက်လည်း အခုလိုပြောပါတယ်။

တာလောကြီးဘက်မှာက KIA တွေဝင်လာပြီဆိုရင် လက်နက်ချပေးတာတို့၊ တစ်ချို့က ချောင်းတွေမှာ လက်နက်ပစ်ချသွားပြီး ပြေးတဲ့သူတွေပြေး ဘော်ဆာဒီးမှာ တိုက်ခိုက်ခံရတုန်းကလည်း ပြည်သူ့စစ်ဘက်ကအထိနာသွားလို့ KIA ဖမ်းဆီးသွားတာတွေလည်းရှိတယ်။ အဲ့ဒါကြောင့် စစ်အင်အားတော်တော်နည်းသွားတယ်လို့ ပြည်သူ့စစ်ထဲကသူတွေ ပြောပြတယ်လို့ပြောပါတယ်။

ဒါ့ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့တွေက ထွက်ပြေးသွားတဲ့သူတွေကို တပ်ထဲပြန်ဝင်လာကြဖို့၊ ပြည်သူ့စစ်တပ်ထဲဝင်ဖို့ ငြင်းဆန်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သူတွေကိုလည်း တပ်ထဲပြန်ရောက်လာအောင် ဝိုင်းမော်မြို့ထဲက လီဆူလူမျိုးတွေကို အစုလိုက်ဖမ်းဆီးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ လီဆူလူမျိုးတွေ တစ်အိမ်တစ်ယောက် မဖြစ်မနေ ပြည်သူ့စစ်လုပ်ရမယ်လို့ ထုတ်ပြန်လိုက်တဲ့နောက်ပိုင်း လူငယ်နဲ့ လူလတ်ပိုင်းအများစုဟာ မြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့လည်းသိရပါတယ်။

အခုလို ဝိုင်းမော်ဒေသမှာ စစ်ကောင်စီလက်အောက်မှာရှိတဲ့ လီဆူပြည်သူ့စစ်တပ်ဖွဲ့တွေက ဒေသခံပြည်သူတွေ အေးချမ်းစွာ နေထိုင်လို့မရအောင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းတာဝန်ယူ ဖြေရှင်းပေးကြဖို့လည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button