မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြစ်ဆုံ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား လုပ်ငန်းရှင်တစ်ချို့ရွှေတူးဖို့ပြင်ဆင်နေ

မြစ်ဆုံဒေသ တန်ဖရဲကျေးရွာ သမိုင်းဝင်နေရာ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြားက လုပ်ငန်းရှင်တချို့ စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်ရေး လုပ်ငန်း ဝင်ရောက်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေပြောပါတယ်။

တန်ဖရဲချောင်းစီးဝင်တဲ့နေရာ ဧရာ၀တီမြစ်ဘေး လုပ်ငန်းရှင်တွေဘက်က ဇန်နဝါရီ ၃၁ မနေ့က ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIA/KIO ရဲ့ခွင့်ပြုချက်နဲ့ဟုဆိုကာ ရက်ပိုင်းအတွင်း လုပ်ငန်းစဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

တန်ဖရဲချောင်းရှိလို့ တန်ဖရဲရွာဖြစ်လာတယ်။ တန်ဖရဲချောင်းနဲ့မြစ် ဆုံရာမှာ အခုရွှေတူးဖို့လုပ်နေတယ်။ ရွာသားတချို့စုပေါင်းပြီး ဒီသမိုင်းဝင်နေရာမှာ ရွှေမတူးဖို့ ကန့်ကွက်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လက်မခံဘူး။ လုပ်ငန်းရှင်တွေဘက်က ရွာကိုယ်စားလှယ်တစ်ယောက်ရှာပြီး ရွာသားတချို့ရဲ့လက်မှတ်လိုက်ယူပြီး KIA ဆီ တင်ပြတယ်။ ဟိုဘက်ကလည်း ရွာသားတွေလက်ခံရင်တော့ တူးကြတော့ဆိုပြီး ခွင့်ပြုလိုက်တာတဲ့။ ဒီနေရာဟာ လုံး၀ရွှေမတူးဖို့ ကန့်ကွက်ထားတဲ့နေရာဖြစ်တယ် ဟု မြစ်ဆုံဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက တန်ဖရဲကျေးရွာအနီး တန်ဖရဲချောင်းနဲ့မြစ်ဆုံတဲ့ကမ်းစပ်တစ်လျှောက် ရွှေတူးဖော်ဖို့ လုပ်ငန်းရှင်တွေက KIA တပ်ရင်း ၁၁ ထံ အရင်ဦးဆုံး ခွင့်ပြုချက်တောင်းခဲ့ကြောင်း သူကပြောပါတယ်။

ထို့သို့ KIA ထံခွင့်ပြုချက်တောင်းချိန် ရွာသားတွေနဲ့ အရင်ပြေလေအောင်လုပ်ဖို့ လုပ်ငန်းရှင်တွေကို KIA ဘက်ကပြောဆိုလိုက်တာကြောင့် လုပ်ငန်းရှင်တွေက ရွာလူကြီးတွေထံ စတင်ချဉ်းကပ်ခဲ့တယ်လို့ ရွာသားတွေပြောပါတယ်။

ဒါ‌ကြောင့် ရွာလူကြီးတွေဘက်က ဘာသာရေးခေါင်းဆောင်တွေအပါ ရွာသားတချို့ကို ခေါ်ယူပြီး လုပ်ငန်းရှင်တွေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းပိုင်းက ၂ ကြိမ်တိုင် တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

ပထမတွေ့ဆုံတဲ့အခါ ရွာလူကြီးက ဒီနေရာမှာ ရွှေတူးဖော်မှာဖြစ်တာကြောင့် ကယ်..ရွာသားတွေဘာတောင်းဆိုချင်တာလဲ။ RC တွေ၊ KBC တွေ၊ AG ၊ ဗုဒ္ဓ စသဖြင့် ဘာသာရေးအဖွဲ့တွေဘက်ကရော ဘာတောင်းဆိုချင်တာလဲ ဆိုပြီး တင်ပြခိုင်းတယ်။ ရွာအတွင်း လမ်းတွေ ပြုလုပ်ပေးမယ်တဲ့။ အောင်မြင်သာရွာတွေမှာ လမ်းတွေပြုလုပ်ပေးမယ်တဲ့ အဲ့လိုစည်းရုံးတယ်။အဲ့လိုနဲ့ ရွာသားတချို့ကို စည်းရုံးပြီး လက်မှတ်တချို့ယူတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရွာသားအားလုံးရဲ့ သဘောတူညီမှု မယူပဲ ကန့်ကွက်တဲ့ရွာသားတချို့ ကို လျစ်လျူရှူကာ လုပ်ငန်းရှင်တွေဘက်က KIA နဲ့ ထပ်မံသွားတွေ့ကာ ရွာသားတွေနဲ့အဆင်ပြေကြောင်း ခွင့်ပြုချက်ယူခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ ရွာခံတွေပြောပါတယ်။

အခုသူတို့က ပစ္စည်းတွေ စတင်ချနေပြီ။ ပြင်ဆင်နေပြီ။ ဒီ ၂ ရက် ၃ ရက်အတွင်း လုပ်ငန်းစတော့မယ်လို့ ပြောတယ်။ သူတို့က KIA ရဲ့ ခွင့်ပြုချက်ရပြီဖြစ်တာကြောင့် လုပ်တော့မယ်တဲ့။ ဒီနေရာကို ကာကွယ်ချင်တဲ့ ရွာသားတွေကတော့ ဆက်လုပ်လာမယ်ဆိုရင်တော့ ဘယ်ဘက်ကိုဖြစ်ဖြစ် စာတွေထည့် ကန့်ကွက်နိုင်အောင် ကြိုးစားသွားရမှာပဲ။ ဘာလို့ဆို ဒီနေရာဟာ သမိုင်းဝင်နေရာ၊ ခေတ်အဆက်ဆက် ကာကွယ်ထိန်းသိမ်းထားတဲ့ နေရာဖြစ်တယ် ဟု တန်ဖရဲကျေးရွာဒေသခံကပြောပါတယ်။

ဒီနေရာမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး စက်ယန္တရားကြီးတွေနဲ့ လုပ်ငန်းဝင်လာမှာဖြစ်ပြီး လုပ်ငန်းရှင်တွေ ဘယ်လောက်ဝင်လာမယ်ဆိုတာတော့ အတိအကျမသိဘူးလို့ ပြောပါတယ်။

လက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း ဝင်လာမဲ့နေရာဟာ မြစ်ဆုံဒေသ တန်ဖရဲကျေးရွာအလယ်မှာ စီးဆင်းတဲ့ ချောင်း ဧရာ၀တီမြစ်ထဲ စီးဝင်တဲ့နေရာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေရာဟာ ဒေသခံပြည်သူတွေရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်သလိုလွန်ခဲ့တဲ့ ၁၀ စုနှစ်ကတည်းက ဒီနေရာမှာ တရုတ်ဖောင်တွေဝင်လာချိန် ခေတ်အဆက်ဆက် ရွှေတူးဖော်ခွင့် တားမြစ်ထားတဲ့ နေရာလည်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီနေရာမှာ ရေဝိုက်ကြီးတစ်ခုရှိတာကြောင့် ရွှေတူးဖော်မယ်ဆိုရင် အန္တရာယ်ပိုရှိလာနိုင်သလို ရေလမ်းကြောင်းတွေ ပျက်ကာ ပတ်ဝန်းကျင်ပျက်စီးမှုနဲ့ တန်ဖရဲကျေးရွာပါ ပျက်စီးလာနိုင်မဲ့ အနေအထားရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ထို့ကြောင့် တန်ဖရဲချောင်းဆုံရာ သမိုင်းဝင်နေရာကို ကာကွယ်လိုတဲ့ဒေသခံတွေဘက်ကတော့ မရရတဲ့နည်းနဲ့ ရွှေတူးဖော်မှုကို ကန့်ကွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် မြစ်ဆုံဒေသမှာ ရွှေတူးဖော်မှု ဆိုးရွားစွာ လုပ်ဆောင်ခဲ့တာကြောင့် မြေနေရာ သဘာ၀အားလုံးနီးပါး ပျက်စီးသွားပြီဖြစ်သလို ဒေသခံတွေ လုပ်ကိုင်စားသောက်ရာနေရာထိပါ ပျောက်ဆုံးလာတာဖြစ်တယ်လို့ မြစ်ဆုံဒေသခံတွေ ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button