
ဖားကန့်မြို့နယ် နန့်တိန်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဒီကနေ့ညမှာဘဲ အပြီးသတ်သိမ်းလိုက်နိုင်ပြီလို့ KPDF တာဝန်ရှိသူကပြောပါတယ်။
အဲဒီနန့်တိန်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းကနေ ဝှေခါစစ်တပ်စခန်းနဲ့တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဝှေခါတပ်စခန်းသာ သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး နန့်တိန်းတပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ တစ်လနီးပါးဝိုင်းဝန်းပိတ်ဆို့ထားပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ တစ်ဖန်ထိုးစစ်ဆင်ကာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KPDF တာဝန်ရှိသူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။
“အရင်တစ်ခါ တိုက်တုန်းကလက်နက်ချမလားလို့ စောင့်နေတာ ဝိုင်းထားတာကြာနေပြီ။ ဒီညနေ ၄ နာရီကစပြီး ပြန်တိုက်တာ ၈ နာရီထိုးခါနီး နန့်တိန်းကိုသိမ်းပိုက် ထိန်းချုပ်နိုင်ပြီ။ စကစ ဘက်က လက်နက်ကြီးပစ်ကူအလုံးရေ ခန့်မှန်း လေးဆယ်ကျော်နဲ့ပစ်ကူခဲ့တယ်”လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က လုံးခင်းတပ်စခန်း၊ ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူခဲ့တဲ့အပြင် တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့် ကျောက်ဝိုင်းနား အရှင်ကြီးကုန်းအောက်နားက ကိုတာဝိတ်ခြံထဲကျရောက်ပေါက်ကွဲပြီး ကားတစ်စီး လက်နတ်ကြီးထိမှန်ပြီး မီးလောင်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ည KIA နဲ့ PDF ပူးပေါင်းတပ်က ထပ်ပြီးသိမ်းပိုက်လိုက်တဲ့ နန့်တိန်းတပ်စခန်းဟာ တပ်မ ၃၃ လက်အောက်ရှိတဲ့စခန်းဖြစ်ပြီး စစ်အင်အား ၅၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
နန့်တိန်းစခန်းဟာ ဖားကန့် – မြစ်ကြီးနား လမ်းကြောတစ်လျှောက်မှာရှိပြီး စစ်ရေးအရအချက်ချာကျတဲ့နေရာဖြစ်တယ်လို့ KPDF တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ဝှေခါ နဲ့ နန့်တိန်းဆိုတာက ဖားကန့်ကိုဝင်တဲ့လမ်းကြောနှစ်ခုပါ။ တပ်မ (၃၃)လက်အောက်တွေထိုင်တာ”လို့ KPDF တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး ဖားကန့်မှာရှိတဲ့စစ်တပ်အထိုင်တပ်စခန်းတွေကို KIA၊PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ရာ ဇန်နဝါရီလ ဝှေခါစခန်းသိမ်းပိုက်ထားပြီး နန့်တိန်းစခန်း သိမ်းပိုက်နိုင်တာဟာ တစ်လအတွင်း ဒုတိယမြောက် ထပ်ပြီးသိမ်းပိုက်လိုက်နိုင်တဲ့ စခန်းဖြစ်ပါတယ်။
By – ဇမီ