လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကောင်းတုံရွာ လက်နက်ကြီးကျရောက်ပေါက်ကွဲ မိသားစုဝင် ၃ ဦးပြင်းထန်ဒဏ်ရာရ

ဗန်းမော်မြို့နယ် ကောင်းတုံကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၃ ဦး လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေဆိီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်လောက်မှာ ကောင်းတုံရွာဘက်ကို လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့ရာကနေ နေအိမ်တစ်အိမ်မှာထိမှန်ခဲ့တာဖြစ်တယ်လို့ ဒေသခံနဲ့နီးစပ်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

မနေ့ည ၁၀ နာရီခွဲလောက်မှာကျတာ အိမ်တစ်အိမ်မှာထိတော့ မိသားစုဝင် ၃ ယောက်ထိတယ် ခုဗန်းမော်ဆေးရုံပို့ထားပြီလို့ သိရတယ်လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့နေအိမ်ဟာ ဦးပွဲလုံးမိသားစုနေအိမ်လို့သိရပြီး ဇနီးသည် မသီတာအပါအဝင် သားယောကျာ်းလေးတစ်ဦး စုစုပေါင်း မိသားစုဝင် ၃ ဦးကျည်ထိမှန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးက ကျောပြင်နဲ့လက်မောင်းတွေမှာ တော်တော်အခြေနေဆိုးတယ် အမျိုးသားနဲ့ကလေးကတော့ ဒဏ်ရာအဲလောက်မဆိုးဘူးဆိုတာဘဲ သိရသေးတယ်လို့ ဒေသခံနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ခန့်မှန်းချက်အရ ကောင်းတုံဘက်ကိို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးဟာ မံစီမြို့နယ်အထိုင်ချစခန်းဖြစ်တဲ့ ခလရ ၂၅၀ တပ်ရင်းကနေ ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပြီး ကောင်းတုံရွာဘက်တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်တွေဟာအကြောင်းမဲ့ပစ်ခတ်တာဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုကြပါတယ်။

ကောင်းတုံရွာဟာ စင်းခန်းအထက်မှာရှိတဲ့ ကျေးရွာဖြစ်ပြီး ဗန်းမော်မြို့နယ်နဲ့မိုင် ၃၀ ဝန်းကျင်ဝေးပေမယ့် မံစီမြို့နယ်နဲ့ မိုင် ၂၀ ဝန်းကျင်သာဝေးတာကြောင့် မံစီမြို့နယ်နဲ့နီးစပ်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာဘဲ မံစီမြို့နယ် အထိုင်တပ် ခလရ ၂၅၀ လက်အောက်မှာရှိတဲ့ ဘော်ဆာဒီးတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကာကွယ်ရေးတပ် KPDF တွေက တိုက်ခိုက်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button