တိုက်ပွဲသတင်း

ဆင်ဘိုမြို့ သိမ်းပိုက်ထားပေမယ့် တိုက်ပွဲပြင်းထန်နေဆဲ

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထိန်းချူပ်ထားပြီး မြို့နဲ့ ၃ မိုင်အကွာရှိ စစ်ကောင်စီ ခမရ ၁၄၁ တပ်စခန်းကို ဝိုင်းရံထားကာ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် ၇ နာရီကျော်ကနေ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ထဲဝင်ရောက်ထိန်းချူပ်နိုင်ပြီဖြစ်ပေမယ့် မြို့အနီး စစ်တပ်စခန်းကို လက်ရှိထိ တိုက်ခိုက်နေဆဲ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

ဆင်ဘိုမြို့ကိုတော့ KIA PDF တွေ သိမ်းပိုက်ထိန်းချူပ်ထားပြီဖြစ်ပေမဲ့ စစ်တပ်ကိုတော့ မသိမ်းပိုက်နိုင်သေးဘူး။ အစပိုင်းတော့ ဆင်ဘိုမြို့ ရဲစခန်းမှာ ရဲနဲ့စစ်သားတွေ ရောပြီးနေနေတာ အခုတော့ အားလုံး စစ်တပ်ထဲပေါင်းသွားပြီ။ မြို့ထဲမှာ ကေအိုင်ကေတွေ နေရာယူ ထိန်းချူပ်ထားပြီ။ အခု စစ်တပ်ကို KIA PDF တွေ အားလုံးဝိုင်းထားပြီး တိုက်ခိုက်နေတယ်ဟု ဆင်ဘိုဒေသခံတစ်ဦးက ပြောပါတယ်။

ဆင်ဘိုမြို့ထဲက အစိုးရ ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းတွေကို သိမ်းပိုက်ထားပြီး မြို့ထဲနေရာယူထားပြီးတော့  မြို့အပြင်မှာရှိတဲ့ ခမရ ၁၄၁ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ဆင်ဘိုကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံး ၂ ကြိမ်ထက်မနည်း လာရောက်ပစ်ချခဲ့သလို ယမန်နေ့ကလည်း လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာတွေပြုလုပ်ကြောင်း သိရပါတယ်။

စစ်တပ်လေကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် ဆင်ဘိုမြို့ထဲက နေအိမ်တချို့ထိခိုက်ပျက်စီးသွားသလို အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆင်ဘိုမြို့ အနောက်ဘက် ၆ မိုင်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ရှောင်တွေထဲက အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးထိမှန်ပြီး အသက်သေဆုံးမှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဆင်ဘိုမြို့ ဒေသခံပြည်သူတွေကတော့ နီးစပ်ရာ တောတွေထဲ ထွက်ပြေးတိမ်းရှောင်နေရသလို ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေထဲ တိမ်းရှောင်နေကြရပြီး မြို့ထဲ အိမ်စောင့်တွေလောက်သာ ကျန်နေခဲ့ကြောင်း သိရပါတယ်။

KIA ထိုးစစ်ဆင်နေဆဲဖြစ်တဲ့ ဆင်ဘိုမြို့ကနေ ၃ မိုင်အကွာရှိ စစ်ကောင်စီ တပ် ခမရ ၁၄၁ တပ်စခန်းဟာ နှစ် ၂၀ ခန့် တပ်စွဲထားတဲ့ စစ်တပ်ရဲ့ အခိုင်အမာ တပ်စခန်းတစ်ခုဖြစ်ပြီး မြစ်ကြီးနားဗန်းမော် ဧရာ၀တီမြစ် ရေလမ်းကြောင်းပေါ် အရေးပါတဲ့ တပ်စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရပါတယ်။

ဒီစစ်တပ်က အနှစ် ၂၀ လောက် တပ်စွဲထားတဲ့စစ်တပ်ဖြစ်တယ်။ စစ်အင်အား ၂၀၀ ခန့်ရှိတယ်။ ရိက္ခာတွေ စစ်လက်နက်ပစ္စည်းတွေ အပြည့်ဖြည့်ထားတဲ့ စစ်တပ်ဖြစ်တယ်။ တပ်စခန်းထဲမှာ တိရစ္ဆာန်တွေလည်း မွေးထားပြီး ရိက္ခာအပြည့်နဲ့ အခိုင်အမာရှိနေတဲ့ စစ်တပ်ဖြစ်တယ်ဟု ဆင်ဘိုဒေသခံကဆက်ပြောပါတယ်။

မြစ်ကြီးနားခရိုင် ဧရာ၀တီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်အကွာမှာရှိတဲ့ ဆင်ဘိုမြို့ဟာ ယခင်က ကျေးရွာကလေးသာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကစပြီး မြို့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဆင်ဘိုမြို့တွင်း အိမ်ခြေ ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ရှမ်းမြောက်နဲ့ ကချင်ပြည်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နေတာဖြစ်သလို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက လက်ရှိထိ မြို့ကြီးတွေအပါအဝင် တပ်စခန်းပေါင်း ၃၀ ကျော်သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button