သတင်း

ကိုးကန့်တပ်ဟာ KIA နဲ့ SSA အဖွဲ့ကိုကြူကုတ်ပန်ဆိုင်းထဲ လုံးဝ ဝင်ခွင့်မပြုကြောင်းပြောဆို

ပန်ဆိုင်းဒေသခံတွေကို အစည်းအဝေးခေါ်ယူ ကျင်းပခဲ့

ရှမ်းမြောက် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်) မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မ‌တော် KIO/KIA နဲ့ ရှမ်းပြည်တပ်မတော် SSPP / SSAကို လုံးဝ ဝင်ခွင့်မပြုဘူးဆိုတဲ့အကြောင်း ပန်ဆိုင်းဒေသခံတွေကို ခေါ်ယူပြီး အစည်း အဝေးကျင်းပခဲ့တယ်လို့ ဒေသခံတွဆီကနေ သိရပါတယ်။

က်ိုးကန့် MNDAA တပ်ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် ပန်ဆိုင်း( ကြူကုတ်) ဒေသခံများကိုခေါ်ယူပြီး အချက် ၇ ချက်ပြောဆိုခဲ့တယ်လို့ ဒေသခံ တစ်ဦးက KNG ကို ခုလိုပြောပါတယ်။

မနေ့က မနက် ၁၀ နာရီလောက်မှာ တစ်အိမ်တစ်ယောက် မလာမနေရစနစ်နဲ့ခေါ်တာ အစည်းအဝေးခန်းထဲမှာ ဖုန်းတွေအားလုံးပိတ်ထားရတယ်။ ဖုန်းနဲ့ဘာမှ မရိုက်ရဘူးဆိုပြီး အစည်းအဝေးတက်ရတယ်လို့ ပြောပါတယ်။

အစည်းအဝေးမှာ မှတ်တမ်းဓါတ်ပုံရိုက်ခွင့်မပြုတဲ့ အပြင် ဖုန်းလုံးဝမသုံးဖို့၊ ပန်ဆိုင်း( ကြူကုတ်) မြို့ထဲ KIAနဲ့ SSPP /SSA ကိုလုံးဝ ဝင်ခွင့်မပြုကြောင်း၊ပန်ဆိုင်းမှာနေထိုင်သူတွေအနေနဲ့ လက်နက်ကိုင်ဆောင်ထားသူများ လက်နက်အပ်ရန်၊ ကိုးကန့်တပ်ဖွဲ့ဝင်တွေ နေအိမ်တွေအထိ လက်နက်လိုက်လံရှာဖွေမှာဖြစ်ပြီး တွေ့ရှိပါက ထိရောက်စွာအရေးယူဖို့နဲ့ ပန်ဆိုင်းဒေသခံတွေအနေနဲ့ ရပ်ရွာလုံခြုံရေးအတွက် ညတိုင်း အထွေထွေအုပ်ချုပ်ရေးရုံးမှာ အလှည့်ကျ တစ်အိမ်တစ်ယောက် ကင်းစောင့်ရန်၊ ကိုးကန့်တပ်ဖွဲ့တွေကို ထမင်းချက်ကျွေးဖို့ အိမ် ထောင်စုတစ်စု တရုတ်ယွမ် ၅၀ ကောက်ခံသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးစဆင်ခဲ့တဲ့နေ့ကစပြီး ပန်ဆိုင်း( ကြူကုတ်) မှာ လျှပ်စစ်မီး မရရှိတဲ့အပြင် လျှပ်စစ်မီးရယူချင်သူတွေအနေနဲ့ တစ်အိမ်မှာ ယွမ် ၁၀၀၀ ပေးဆောင်မှသာမီးတပ်ဆင်ပေးမယ်လို့လည်း သိရပြီး ဒေသခံတွေပြည်သူတွေကို နေ့တိုင်းဆိုသလို ချိတ်ပိတ်ထားတဲ့အစိုးရရုံးနေရာတွေမှာ သန့်ရှင်းရေးလုပ်ခိုင်းနေတယ်လို့ သိရပါတယ်။

နေ့တိုင်း ချိတ်ပိတ်ထားတဲ့အစိုးရနေရာတွေမှာ သန့်ရှင်းရေးလုပ်ခိုင်းတယ် မလာတဲ့သူတွေက ယွမ် ၁၅၀ ပေးရတယ်။ ကိုးကန့်လက်ထဲမှာ တစ်စက်မှ မနေချင်တော့ဘူး ညဆိုရင် ထွက်တဲ့သူဘယ်သူမဆိုဖမ်းပြီး စစ်သင်တန်းကွင်းပို့မယ်လို့ ပြောထားတော့ ပြည်သူ‌တွေက ကြောက်ပြီးမှဘဲ နေနေရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပန်ဆိုင်း( ကြူကုတ်) မြို့မှာနေထိုင်တဲ့ အိမ်ထောင်စုတိုင်း သားယောကျာ်းလေး ၄ ယောက်ရှိပါက ၂ ယောက် ကိုးကန့်တပ်ထံစစ်မှုထမ်းဖို့ ပြောဆိုပြီး နေအိမ်အထိ လိုက်လံဖမ်းဆီးကာ ဖမ်းဆီးချိန်တစ်ဆက်တည်း ယူနီဖောင်းဝတ်ပေးပြီး ဖမ်းခေါ်တာလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ကိုးကန့်တပ်ဖွဲ့တွေဟာ ပြည်သူတွေကို ကိုးကန့်တပ်ထဲ စစ်မှုထမ်းဖို့ နည်းအမျိုးမျိုးနဲ့ စွဲဆောင်နေတာလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ဆန်ပေးမယ် မှတ်ပုံတင်လုပ်ပေးမယ် စွဲဆောင်နေတာ တကယ်ဆန်လည်းထုတ်ပေးရော ကိုးကန့်သူတို့အမျိုးကလွှဲပြီး ကျန်တြဲလူမျိုးတွေကိုဆို ၄ အိမ်မှာတစ်အိတ်ပေးတာ ခွဲခြားပြီး ဆက်ဆံခံနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့ ၁၀၂၇ တော်လှန်ရေးမှာ ပန်ဆိုင်း( ကြူကုတ်) မြို့ကို MNDAA က နိုဝင်ဘာလ ၂ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး MNDAA တပ်မှ တာဝန်ရှိသူကို KNG သတင်းဌာနအနေနဲ့ ဆက်သွယ်နေပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့ မရသေးပေ။

ဒါ့အပြင် လက်ရှိ ကိုးကန့်တပ်တွေဟာ လူမျိုးခွဲခြားပြီး အုပ်ချုပ်နေသလို ပြည်သူတွေကိုလည်း အာဏာရှင်ဆန်ဆန်အုပ်ချုပ်နေတယ်လို့လည်း ဆိုပါတယ်။

ကြူကုတ် ပန်ဆိုင်းဒေသဟာ ခေတ်အဆက်ဆက် ကချင်၊ရှမ်းလူမျိုးအများစုနေထိုင်တဲ့ သမိုင်းဝင်ဘိုးဘွားပိုင်နယ်မြေဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ SSPP တို့ အဓိကလှုပ်ရှားတဲ့နယ်မြေဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button