စစ်ပြေးဒုက္ခသည်များသတင်း

အိုးမဲ့ အိမ်မဲ့ နမ့်ဖတ်ကာစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ တိုက်ပွဲကြောင့် နေစရာအိမ်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေအတွက်ကူညီထောက်ပံ့မှု အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။

ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး နမ့်ဖတ်ကာစစ်ရှောင်တွေဟာနေရပ်ပြန်လာကြပြီဖြစ်ပေမယ့် နေအိမ်မရှိတော့တဲ့သူတွေကတော့ နီးစပ်ရာကျေးရွာတွေရှိ အသိအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။

ပြန်လာကြတဲ့ စစ်ဘေးရှောင်ထဲမှာ အိမ်ကနေလို့မရတော့တာတွေ အများကြီးရှိတယ်အိမ်မရှိတော့တဲ့သူတွေက ဟိုဖျက်ရွာဘက်တို့ အနီးအနားရွာတွေမှာ ကိုယ့်အသိမိတ်ဆွေအိမ်တွေမှာနေနေကြသေးတယ်။ အိမ်ဝင်နေလို့ရတဲ့သူတွေကတော့ ပြန်လာနေကြပြီ။ အိမ်တွေက အတော်များများပျက်စီးသွားတယ်။ အိမ်တစ်ခုလုံး မီးလောင်သွားတာတွေ၊ လေယာဉ်ဗုံးကြောင့်နဲ့ လက်နက်ကြီးကြောင့်မီးလောင်တာနဲ့ ပျက်စီးတာနဲ့ဆိုတော့။ လုံး၀ရစရာမရှိတော့တဲ့အိမ်တွေ ရှိတာပေါ့ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပျက်စီးဆုံးရှုံးသွားတဲ့ လူနေအိမ်များ

တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံအများပိုင်း နီးစပ်ရာ ဟိုဖျက်၊ နမ့်အွမ်၊ နမ့်ကွတ်၊ ဟိုနောင်စတဲ့ကျေးရွာတွေရှိ အသိမိတ်ဆွေအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။ 

တစ်လနီးပါးကြာမြင့်ခဲ့တဲ့ နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးတွေကြောင့် မီးလောင်ပြာကျသွားတဲ့အိမ်အပါအဝင် ပျက်စီးသွားတဲ့အိမ်ပေါင်း ၁၀၀ထက်မနည်းရှိတယ်လို့ သိရပါတယ်။ 

လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ နမ့်ဖတ်ကာပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို အစားအသောက်နဲ့နေရာထိုင်ခင်းလည်း ကူညီထောက်ပံ့မှုများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အခု အရေးပေါ်က အစားအစာ၊ နေစရာအိမ်ဖြစ်တယ်။ တချို့တစ်အိမ်လုံးမီးလောင်သွားတဲ့သူတွေအတွက်က အဝတ်အစားရော အရေးပေါ် လိုအပ်တယ်။ခေါင်မိုးပေါက်သွားတဲ့အိမ်တွေအတွက် အခု နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ တချို့အတွက်ကဖာစရာတွေ၊ ပြင်စရာတွေ၊ တချို့က တစ်အိမ်လုံးမရှိတော့ဘူးဆိုတော့ အစစရာရာ အားလုံးလိုအပ်တယ်။ ဗုံးစထိမှန်ပြီး ခြေထောက်ပြတ်သွားတဲ့သူတွေ၊ ဒဏ်ရာနဲ့သူတွေလည်းရှိတယ်။ အရေးပေါ်က စားဖို့သောက်ဖို့နဲ့ နေထိုင်စရာအိမ်ဖြစ်တာပေါ့ဟုသူကဆက်ပြောပါတယ်။

အကူအညီလိုအပ်နေတဲ့ နမ့်ဖတ်ကာ စစ်ရှောင်ပြည်သူများ

 ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး နမ့်ဖတ်ကာကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လဝန်းကျင်အကြာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ထိခိုက်သေဆုံးခဲ့ရပြီး လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေအတွက်လည်း ကူညီမှုတွေ လိုအပ်နေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button