သတင်း

ကချင်တစ်မျိုးသားလုံးအထွဋ်အမြတ်ထားတဲ့ မနောင်ကွင်းမှာ ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်တဲ့အပေါ် KSCM ကန့်ကွက်

တော်လှန်စစ်အရှိန် မြင့်တက်နေတဲ့ကာလမှာ ကချင်တစ်မျိုးသားလုံး အထွဋ်အမြတ်ထားတဲ့ မနောင်ကွင်းမှာ ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်တာကို  WHG ( WUNPAWNG HTUNGHKING HPUNG GINJAW) မှ တာဝန်ရှိသူတွေအနေနဲ့ ခွင့်ပြုတာဟာ အရှက်ရစရာ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ KSCM ( Kachin State Civilian Movement) က ဆိုပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မနောင်ပွဲတော်ကိုပင် မပြုလုပ်နိုင်ချိန် အခုလို ပျော်ပွဲရွှင်ပွဲကြီးကို ကချင်တစ်မျိုးသားလုံး တန်ဖိုးထားရတဲ့ မနောကွင်းမြေပေါ်မှာ လုပ်ခွင့်ပြုတာဟာ မေးခွန်းထုတ် စရာဖြစ်နေတယ်လို့ KSCM က အဖွဲ့ဝင်တစ်ယောက်က KNG ကိုပြောပါတယ်။

တစ်ဖက်မှာ ဒီတော်လှန်ရေးအဖွဲ့တွေက တိုင်းရင်းသားတန်းတူအခွင့်အရေးအတွက် တိုက်နေတဲ့အချိန်မှာ ဘာလို့ တစ်ဖက်မှာ သူတို့ရဲ့ အထွဋ်အမြတ်ထားရတဲ့နေရာမှာ ဒီလိုပျော်ပွဲရွှင်ပွဲလုပ်ဖို့လာပြောတာကို ဒီမနောကွင်းကိုကိုင်ထားရတဲ့ WHG အဖွဲ့အနေနဲ့ ခွင့်ပြုလိုက်ရတယ်ဆိုတာကို ပြည်သူတွေကိုပြန်ပြီးတော့မှ ရှင်းစေချင်တယ်လို့ဆိုပါတယ်။

အခုလို မနောကွင်းမြေနေရာမှာ ပျော်ပွဲရွှင်ပွဲ လုပ်ခွင့်ပြုတာနဲ့ ပတ်သက်ပြီး  KSCM သပိတ်ကော်မတီဘက်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မနောကွင်းမြေနေရာ ငှားပေးတာနဲ့ပတ်သတ်ပြီး WHG ကို KNG ဘက်က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ WHG တာဝန်ခံအတွင်းရေးမှူးက အခုလိုပြောပါတယ်။

ကျွန်တော်တို့ဘက်က ထွေထွေထူးထူး ဘာမှတော့ပြောစရာမရှိပါဘူး။ပြည်သူတွေအနေနဲ့ နေရာလာငှားတော့ ငှားပေးလိုက်တယ် ဒါဘဲ လာငှားတဲ့ချိန် ဘာပွဲလုပ်မယ်ဆိုတာလည်းမသိဘူး။ အခုလို ပွဲအကြီးကြီးလုပ် မယ်ဆိုတာလည်းမသိဘူး ကျွန်တော်တို့ဘက်က မြေနေရာငှားပေးခဲ့တာသက်သက်ဘဲ ဟုတ်တယ်လို့ပြောပါတယ်။

အဲ့ဒီမြေနေရာကို ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကတည်းကနေ ငှားခဲ့တာဖြစ်ပြီးတော့ ပွဲလုပ်ခွင့် အစိုးရထောက်ခံစာနဲ့ လာငှားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျပ်အတည်းကာလ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန် အခုလို ပွဲတစ်ခမ်းတမ်းနား လုပ်တာဟာ ကျန်တဲ့ပြည်သူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ ဆက်ပြောပါတယ်။

ပွဲတောင်မှ ဘယ်လိုပြောမလဲ၊ ပေါ့သေးသေးပွဲမဟုတ်ဘူး၊ ကြီးကြီးမားမားပေါ့နော် အဆိုတော်တွေဆိုရင်လည်း တကယ်မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့အဆိုတော်တွေနဲ့ ပွဲလုပ်တာက ပြောချင်တာက ဘယ်သူကမှ မပျော်ရွှင်တဲ့ကာလကြီးမှာ အုံးကြားအုံးကြား လာလုပ်တာက ပြည်သူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေမယ်လို့တော့ မြင်တယ်လို့ပြောပါတယ်။

 ပျော်ပွဲရွှင်ပွဲလုပ်ခြင်းအားဖြင့် စစ်ကောင်စီတပ်အလိုကျ ဝါဒဖြန့်စရာတစ်ခုရနေတဲ့အပြင် တစ်ခြားသူတွေအမြင်မှာ ဒီမြို့ကြီးက အေးဆေးဘဲလား၊ ပုံမှန်ဘဲလားဆိုတဲ့ မေးခွန်းထုတ်စရာဖြစ်လာနိုင် တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလိုကာလမျိုးမှာ ပွဲတွေ မကြာခဏလုပ်တာနဲ့ပတ်သက်ပြီး အထူအဆန်းလို မမြင်တော့တာကြောင့် ပွဲတက်လို့ တစ်စုံတရာဖြစ်ခဲ့ရင်တောင် ဝင်မကူကြဖို့ ပြောချင်တယ်လို့ မြစ်ကြီးနားက လူငယ်တစ်ယောက်က KNG ကိုအခုလိုပြောပါတယ်။

ပွဲတွေ ခနခနလုပ်တာ မဆန်းတဲ့အတွက် ဒီပွဲကိုလည်း ထူးဆန်းတယ်လို့မမြင်ဘူး၊ သူတို့ဖြစ်ရင် သူတို့ခံဘဲ၊ ပိုက်ဆံအကုန်ကျခံပြီး ပျော်ချင်ကြတဲ့သူတွေလည်း သူတို့ရွေးချယ်မှုကြောင့် သွားတာဖြစ်လို့ တကယ်လို့ ပြဿနာ တစ်စုံတရာဖြစ်လာရင်လဲ သူတို့ဘာသာဖြေရှင်းကြပါစေ၊ ဝင်မကူကြနဲ့လို့ပြောချင်တယ်လို့ပြောပါတယ်။

နောက်ထပ်လူငယ်တစ်ယောက်ကလည်း စစ်ကောင်စီဘက် ပေါ်တာဆွဲမယ်ဆိုတာကို အတိအလင်းကြေငြာထားပြီးဖြစ်တဲ့အတွက် အခုလို ပွဲတွေသွားတာဟာ လူငယ်တွေအတွက် လုံခြုံမှုမရှိနိုင်တဲ့အကြောင်း အခုလိုပြောပါတယ်။

ကျွန်တော်ကတော့ ဒီပွဲကိုမသွားဘူးပေါ့နော်၊ ဘာလို့ဆို အခုလိုအခြေအနေမှာ လူငယ်တွေရဲ့ လုံခြုံရေးက အရေးကြီးဆုံးဖြစ်တယ်၊ ပြီးတော့ ဒီပွဲက ညထိလုပ်မှာဆိုတော့ လူငယ်တွေအနေနဲ့ ပွဲကပြန်လာရင် လမ်းမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာမပြောနိုင်ဘူး၊ လူငယ်တွေဘဲ အပျော်အပါးကြိုက်ကြတာပေါ့ ဒါပေမဲ့ အခုလိုချိန်မှာတော့ အပျော်အပါးမက်တာတွေကို လျော့ရမယ်လို့ပြောပါတယ်။

 Dragon Music Festival ကနေ ပြုလုပ်တဲ့ အထက်ပါ ဂီတပွဲကြီးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဒီကနေ့ နေ့လည် ၂ နာရီကနေ ည ၁၀ နာရီထိ ကျင်းပမှာဖြစ်ပြီး အဆိုတော်တွေဖြစ်တဲ့ လွမ်းပိုင်၊ ရဲရင့်အောင်၊ ထက်ယံ၊ မေရီ၊ Yung Hugo နဲ့တစ်ခြား DJ တွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

By – BU BU

Show More

Related Articles

Back to top button