လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကချင်- ရှမ်းအစပ်မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲ

ကချင်ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလိုင်းဒေသတစ်လျှောက်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်တပ်ဘက်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေမကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံတစ်ချို့ထွက်‌ပြေးတိမ်းရှောင်နေကြရတယ်လို့ မိုးလိုင်းဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မဘိမ်းမြို့နယ် မိုးလိုင်းကျေးရွာအတွင်း စစ်တပ်က ဂျက်လေယာဉ်နဲ့ နေ့တစ်ဝက်လာရောက်ဗုံးခဲ့တာကြောင့် ဒေသခံတစ်ချို့ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ ဒေသခံတစ်ယောက်က ကိုပြောပါတယ်။

ကျွန်တော်တို့ဆီမှာလည်း နှစ်လုံးတောင်လာချသွားတယ်၊ KIA တွေရှိတဲ့ အောက်ဘက်က သွားသွားလာလာလုပ်တဲ့ တံတားပေါ်မှာဟုတ်တယ်။ လူထိတာတွေတော့မရှိပေမဲ့ အကုန်လုံးက ကြောက်ကြပြီး ပုန်းတဲ့သူကပုန်း၊ တစ်ခြားဘက်ကို ပြေးတဲ့သူက ပြေးနဲ့ တိမ်းရှောင်နေကြတယ်လို့ပြောပါတယ်။

ဗုံးကြဲခံရတဲ့ မိုးလိုင်းတစ်လျှောက် တိုက်ပွဲဖြစ်တာမရှိပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြီးခဲ့ရက်တွေမှာ ကျေးရွားအတွင်းလက်နက်ကိုင်ပြီး ကားတွေနဲ့လှည့်ပတ်သွားလာတာတွေရှိခဲ့တဲ့အတွက် စစ်တပ်ဘက်က တိုက်ခိုက်လာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မံစီမြို့နယ် ကောင်လွင်ရွာအထက်ဘက်မှာလည်း မနေ့နေ့လည် ၂ နာရီခွဲဝန်းကျင် လေယာဉ်နဲ့လာရောက်ဗုံးကျဲချိန်မှာလည်း ဒေသခံတစ်ဦးကို စက်သေနတ်နဲ့ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ကောင်လွင်ဒေသခံက ပြောပါတယ်။

အဲ့ဒီ ကောင်လွင်နဲ့ နန့်ဟန်ကြာကို ပစ်တာလေ၊ နှစ်လုံးလာကြဲသွားတာ ကျွန်တော်လည်း လယ်တောထဲကမြင်တော့ ကားလမ်းဘက်ကိုထွက်ပြေးတယ်။ အဲ့ချိန် လေယာဉ်ကဆင်းချလာပြီးတော့ စက်လက်နက်နဲ့ကို ပစ်တာ၊ လူတော့ ဘာမှမဖြစ်သွားဘူး၊ ကြောက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး ခုထိလို့ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တစ်ရက်ထဲမှာဘဲ စစ်တပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်တာ မနက် ၁ နာရီခွဲ စီအူကျေးရွာမှာ ၃ ကြိမ်၊ မနက် ၁၀ နာရီခွဲ မိုးလိုင်းကျေးရွာမှာ ၃ ကြိမ်၊ ကောင်လွင်နဲ့ နန့်ဟန်ကြား ၂ ကြိမ် စုစုပေါင်း ၈ ကြိမ်ရှိခဲ့ပြီးတော့ လေယာဉ်တွေကတော့ ဒီနေ့ထိလည်းဝဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်၊ စီကော်၊ စီခမ်းကြီး၊ ကောင်လွင်၊ စီအူ၊ နန့်ဟန်စတဲ့ ကချင်ပြည်နယ်ဘက်နဲ့ ရှမ်းမြောက်ဘက်က နန့်ဟွန်၊ မိုးလိုင်း၊ တုံကွာ၊ စီပိန်း၊ မဘိမ်း၊ မိုးမိတ် စတဲ့ မြို့ရွာတွေကို ကူးသန်းဖို့ ဆက်သွယ်ထားတဲ့ တံတားကြီး၊ တံတားလေး တွေ ဖျက်ဆီးရေးကို စစ်တပ်ဘက်က အဓိကလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် စီအူကျေးရွာအလယ်မှာရှိတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကို ဆက်သွယ်ပေးထားတဲ့ စီအူတံတား(ကွန်ကရစ်တံတားကြီး)နဲ့ စီအူကျေးရွာ အနောက်ဘက်က ရှမ်းပြည်ဘက်ခြမ်း နမ့်ခမ်(Namhkan Hka)တံတား ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့ အရပ်သား ထိခိုက်တာမျိုး‌တော့ မရှိဘူးလို့ စီအူဒေသခံတစ်ယောက်က ပြောပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်ကစပြီး ဒေသတော်တော်များများမှာရှိတဲ့ သစ်သားတံတား၊ သံကူကွန်ကရစ် တံတား တွေကို လေယာဉ်ပေါ်ကနေ ဗုံးကြဲချိုးဖျက်တာတွေကို ပိုတွေ့ရှိလာရပြီးတော့ အခုလို တံတားတွေကို အဓိကထား ဖျက်ဆီးနေတာဟာ တိုက်ပွဲဖြစ်လာရင် ပြည်သူတွေအနေနဲ့ သွားလာရေးကြန့်ကြာစေဖို့ စစ်တပ်ဘက်က တမင်တကာလုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြတာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button