ဖမ်းဆီးခံရမှု

မုံးကိုးမှာ MNDAA ကတစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးနေ

ရှမ်းမြောက် မုံးကိုးမြို့အတွင်း ကိုးကန့် MNDAA တပ်တွေဟာ အရပ်သားတွေရဲ့နေအိမ် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

က်ိုးကန့်တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး မုံးကိုးရွာထဲမှာရှိတဲ့ အရပ်သားတွေရဲ့ နေအိမ်ထဲထိ လက်နက်လိုက်စစ်ဆေးတာဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ဆေးနေတာဖြစ်တယ်လို့ မုံးကိုးဒေသခံတစ်ယောက် က KNG ကိုပြောပါတယ်။

တစ်သက်လုံး ဒီလိုတစ်ခါမှ လိုက်စစ်ဆေးတာတွေ မလုပ်ဖူးဘူး ဖြစ်လည်းမဖြစ်ခဲ့ဖူးဘူး အခုဒီကိုးကန့်တရုတ်တွေအုပ်ချုပ်လာတဲ့အချိန်မှ ဘာမဆိုလည်း ဖြစ်လာတယ်လို့ပြောပါတယ်။

ဒေသခံ‌တွေပြောတာကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ည တရုတ်နှစ်သစ်ကူးည မုံးကိုး ရပ်ကွက် ၅ နေအိမ်တစ်အိမ်မှာ ဗုံးပစ်ခတ်ခံရတာကြောင့် အခုလိုလက်နက်ရှာတာဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်စစ်ဆေးတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါပေမယ့် အဲဒီညမှာ ကိုးကန့်တပ်ဘက်က သောက်စားမူးရစ်ပြီးအချင်းချင်းစကားများကြရာကနေ  ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ခုလို ကိုးကန့်တပ်ဘက်ကအရပ်သားပြည်သူတွေရဲ့ နေအိမ်တွေမှာ ဝင်ထွက်သွားလာစစ်ဆေးနေတာဟာ အရပ်သားပြည်သူတွေအနေနဲ့ လက်နက်ကိုင်မှရတော့မယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေလာတဲ့အတွက် ကိုးကန့်တပ်အနေနဲ့ စိုးရိမ်တဲ့အတွက် လိုက်လုပ်နေတာဖြစ်နိုင်တယ်လို့ နောက်ထပ်ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုထားပါတယ်။

မုံးကိုးဒေသမှာ KIA တွေနဲ့ ပေါင်းပြီးနေကြဆိုတော့ ကျွန်တော်တို့ အရပ်သားတွေကို လက်နက်မကိုင်ခိုင်းတာပေါ့ ။ ဒီ KIA တွေကိုချချင်လို့ လိုက်စစ်ဆေးတာလို့မြင်တယ် ပြီးတော့ ကျနော်တို့ အရပ်သားယောကျ်ားသားတွေအကုန်အရေးကြီးရင် လက်နက်တွေကိုင်ရတော့မယ်ဆိုတာတွေ သွားကြားမိတယ်ထင်တယ် အဲ့တာကြောင့် အဲ့လိုများဖြစ်မလားဆိုပြီး စိတ်ပူတော့ လိုက်စစ်ဆေးတာလို့မြင်တယ်လို့ပြောပါတယ်။

ခုချိန် မုံးကိုးဒေသမှာ ကချင်လွတ်လပ်ရေးအစိုးရ KIO အုပ်ချုပ်ရေးရုံးနဲ့ တပ်စခန်းတွေချထားပြီးတော့ ကိုးကန့် MNDAA တပ်တွေနဲ့ အတူ အုပ်ချုပ်နေတာလည်းဖြစ်ပါတယ်။

မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသကို စစ်တပ်လက်ထဲက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကိုးကန့် MNDAA တပ်ဘက်က အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button