သတင်း

မံစီမှာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီး

ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာ‌ကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တစ်ချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။

ဒီလက်နက်ကြီးတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနေ့ည ၉ နာရီဝန်းကျင် ဗန်းမော်မြို့အခြေစိုက် ခလရ ၄၇ တပ်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

ဗန်းမော် ခလရ ၄၇ က အကြောင်းမဲ့ပစ်ထည့်တာ မံစီဘုရားကျောင်းဝင်းထဲလည်း ၂ လုံးကျတယ်။ တစ်ခြားရပ်ကွက်တွေကျတာလည်း ရှိတယ်ပြောပါတယ်။

စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ၆ လုံးဟာ မံစီဘုရားကျောင်းဝင်းထဲ ၂ လုံး၊ပြင်ဦးလွင်ရပ်ကွက် ၁ လုံး၊ ကောင်ရာမှာ ၁ လုံး၊ မော်ရဝတီရပ်ကွက်မှာ ၁ လုံးနဲ့ မံစီမြို့ပြင် လယ်ကွင်းပြင်တစ်နေရာမှာ ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုကြပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ပြင်ဦးလွင်ရပ်ကွက်က အသက် ၆၀ ကျော်အရွယ်ဒေါ်ဆွမ်လွမ့်ကိုင်ဘန် ကျောပြင်မှာ ကျည်ထိမှန်ဒဏ်ရရရှိထားပြီး လယ်ကွင်းပြင်ကျရောက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေရဲ့နွားတစ်ကောင်လည်း ထိခိုက်သေဆုံးတာရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ် ၄ အိမ်မှာလည်း အနည်းငယ်ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။

အရမ်းထိတာတစ်အိမ်ရှိတယ် ဒါပေမယ့် အဲဒီအိမ်က ဆောက်လို့မပြီးသေးဘဲ ထားထားတာ လူမနေတဲ့အိမ် အဲကြောင့် လူမထိတာဟုတ်တယ်လို့ မံစီမြို့ခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ဒေသခံတွေပြောဆိုတာကတော့ မံစီမြို့နယ်နဲ့ မိုင် ၃၀ ခန့်ဝေးတဲ့စီခမ်းကြီးကျေးရွာအနီးမှာ‌ တော့ ကချင်လွတ်လပ်‌ရေးတပ်မတော် KIA နဲ့ စစ်တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်တာရှိတယ်လို့ သိရပေမယ့် အသေးစိတ် မသိရသေးပေ။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်ညမှာလည်း ဗန်းမော်မြို့နယ် ကောင်းတုံနဲ့ ကောင်ဂျာဘက်မှာ မံစီမြို့အထိုင်တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးတာတွေ ဆက်တိုက်ရှိနေတာလည်း ဖြစ်ပါတယ်။

မံစီမြို့နယ်နဲ့ ဗန်းမော်မြို့နယ် မိုင်အားဖြင့် ၁၃ မိုင်ဝန်းကျင်ရှိသာရှိတဲ့အတွက် ဗန်းမော်တပ်ကနေ ပစ်ခတ်တဲ့လက်နက်ကြီးဟာ မံစီမြို့နယ်ထဲကျရောက်ပေါက်ကွဲတာရှိသလို မံစီအထိုင်တပ်စခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးလည်း ဗန်းမော်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေဘက်မှာ ကျရောက်ပေါက်ကွဲလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button