သတင်း

မံစီမြို့ထဲ စစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံး

ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ပစ်ခတ်လို့  ကလေးတစ်ဦးအပါအဝင် နောက်ထပ်အမျိုးသားတစ်ဦး နှလုံးဖောက်သေဆုံးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၉  ရက်နေ့ မနေ့ည ၇ နာရီဝန်းကျင် ဗန်းမော်မြို့အခြေစိုက် ခလရ ၄၇ တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးအလောင်းရှာမရတဲ့အထိသေဆုံးတဲ့အပြင် နောက်ထပ်အမျိုးသားတစ်ဦးလည်း နှလုံးဖောက်ပြီးသေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

ကလေးက အလောင်းတောင်ရှာမရဘူးလို့ သိရတယ် ပြီးတော့ နောက်ထပ်တစ်ယောက်က ကချင်အမျိုးသားဖြစ်တယ် အမှုတော်ဆောင်သင်းထောက်ဟုတ်တယ် သူက သူ့အိမ်နားမှာ လက်နက်ကြီး ၂ လုံးကျတော့ နှလုံးဖောက်ပြီးသေတာလို့ ပြောပါတယ်။

နှလုံးဖောက်ပြီးသေဆုံးသွားတဲ့ အမျိုးသားဟာ ဂျိန်းဖော့မြေရပ်ကွက်က သင်းထောက်ဦးဘရန်ဆန်ဆိုသူဖြစ်ပြီး နောက်ထပ် ရီခူးမန်ခန်ကျေးရွာက ကလေးတစ်ဦးလည်း အလောင်းရှာမရသေးတဲ့အပြင် နောက်ထပ် သင်းထောက်ဦးလဖိုင်ဇော်ယော်လည်း ကျည်ထိမှန်ဒဏ်ရာရရှိထားတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟ မနေ့ည မံစီမြို့ထဲ လက်နက်ကြီး ၇ လုံးထက်မနည်းပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီလက်နက်ကြီးတွေဟာ မြို့ပေါ်ရပ်ကွက်အပြင် ရွာသစ်ကုန်းဘက်တွေလည်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေရဲ့ နွားနှစ်ကောင်လည်းသေဆုံးတဲ့အပြင် နေအိမ်တွေလည်း ကျည်ထိမှန်ပျက်စီးတာတွေများလာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း ဗန်းမော် ခလရ ၄၇ က မံစီမြို့ဘက်ကို လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာကြောင့်  မံစီဘုရားကျောင်းဝင်းထဲ ၂ လုံး၊ပြင်ဦးလွင်ရပ်ကွက် ၁ လုံး၊ ကောင်ရာမှာ ၁ လုံး၊ မော်ရဝတီရပ်ကွက်မှာ ၁ လုံးနဲ့ မံစီမြို့ပြင် လယ်ကွင်းပြင်တစ်နေရာမှာ ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပြင်ဦးလွင်ရပ်ကွက်က အသက် ၆၀ ကျော်အရွယ်ဒေါ်ဆွမ်လွမ့်ကိုင်ဘန် ကျောပြင်မှာ ကျည်ထိမှန်ဒဏ်ရရရှိထားပြီး လယ်ကွင်းပြင်ကျရောက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေရဲ့နွားတစ်ကောင်လည်း ထိခိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် နေအိမ် ၄ အိမ်မှာလည်း အနည်းငယ်ထိခိုက်ပျက်စီးတာတွေရှိခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်ညမှာလည်း ဗန်းမော်မြို့နယ် ကောင်းတုံနဲ့ ကောင်ဂျာဘက်မှာ မံစီမြို့အထိုင်တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက်အရပ်သားထိခိုက်သေဆုံးတာတွေ ဆက်တိုက်ရှိနေတာလည်း ဖြစ်ပါတယ်။

မံစီမြို့နယ်နဲ့ ဗန်းမော်မြို့နယ် မိုင်အားဖြင့် ၁၃ မိုင်ဝန်းကျင်ရှိသာရှိတဲ့အတွက် ဗန်းမော်တပ်ကနေ ပစ်ခတ်တဲ့လက်နက်ကြီးဟာ မံစီမြို့နယ်ထဲကျရောက်ပေါက်ကွဲတာရှိသလို မံစီအထိုင်တပ်စခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးလည်း ဗန်းမော်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေဘက်မှာ ကျရောက်ပေါက်ကွဲလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မံစီမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် မံစီမြို့နဲ့ မိုင် ၃၀ လောက်ဝေးတဲ့နေရာမှာရှိတဲ့ စီိခမ်းကြီးရွာက ဗျူဟာမြောက်အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  နဲ့ပူးပေါင်းတပ်တွေက မနေ့ကဘဲ တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ် နှစ်ဆန်းပိုင်းကစပြီး ရှမ်းပြည်နယ်ထဲက မဘိမ်းမြို့အပါအဝင် မံစီမြို့နယ်ထဲက စစ်တပ်ရဲ့အထိုင်တပ်စခန်းတွေဖြစ်တဲ့ မံဝိန်းကြီးတပ်စခန်း၊ဘလောင်ဒိန်ဆာတပ်စခန်း၊ ကိုက်ထိပ်တပ်စခန်းနဲ့ စီခမ်းကြီးတပ်စခန်းိကို KIA ကတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

ဒါကြောင့် အထိုင်တပ်စခန်းတွေ ဆက်တိုက်လက်လွတ်လာနေရတဲ့ စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

မနေ့က စီခမ်းကိုသူတို့လက်လွတ်လိုက်ရတော့ ရှုံးမဲမဲလို့ ပြည်သူတွေကို ပစ်မှတ်ထားလာတာဖြစ်တယ်လို့ ပြောပါတယ်။

မံစီမြို့နယ်ဟာ ဗန်းမော်မြို့နဲ့ မိုင်အားဖြင့် ၂၀ ကျော်ဝန်းကျင်ရှိပြီး စစ်ရေးအချက်ချကျတဲ့နေရာမှာရှိတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button