စစ်ပြေးဒုက္ခသည်များသတင်း

အင်းတော်နယ်ကနေရပ်ပြန် စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာ ကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်တွေထပ်ပြီးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နန့်သာကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် ကတည်းက အထိုင်တပ်စွဲလာတဲ့ အင်အား ၂၀ ကျော်ဝန်းကျင်သာရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းဟာ ညတိုင်း ရွာဘက်ကိုလက်နက်ကြီးတွေပစ်ခတ်နေတယ်လို့ အောင်းကုန်းကျေးရွာထဲကစစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောပါတယ်။

ည ၁၀ နာရီ ၁၁ နာရီဆိုပုံမှန်ပစ်နေတာ တစ်ညကို နှစ်လုံး သုံးလုံးအဲ့လိုမထင်ရင်မထင်သလိုပစ်နေတာ။အဲ့လိုပစ်နေတာက ဇန်နဝါရီလ ကတည်းကနေပဲပစ်နေတာ လူတော့ထိတာခိုက်တာမရှိဘူး ဒါပေမယ့်လူနေအိမ်တွေပျက်စီးသွားတာရှိတယ် လယ်တောတွေထဲကျတယ်။ အခုနေရပ်ပြန်ကြတဲ့ရွာတွေလည်းအခုတစ်ခါပြန်ပြီးမှပြန်တိမ်းနေရကြပြန်တယ်လို့ အထက်ဖော်ပြပါ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်တွေဟာ ၂၀၂၃ ခုနှစ်မတ်လကတည်းကနေ တောတောင်တွေထဲကို တစ်နှစ်နီးပါးကြာ စစ်ဘေး ရှောင်ခဲ့ကြရတဲ့မော်တိတ်၊အောင်းကုန်း၊ အင်ပင်၊တုံ့တော်စတဲ့ကျေးရွာတွေထဲက ပြည်သူအချို့ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းလောက်ကတည်းကနေ နေရပ်ပြန်ပြီးပြန်လည်ထူထောင်ရေးတွေစလုပ်ကြပေမယ့် လက်ရှိ ပြန်ပြီးတိမ်းရှောင်နေကြရတယ်လို့ တုံ့တော်ကျေးရွာထဲက စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

အောင်းကုန်းတို့ ၊မော်တိတ်တို့က လေးငါး၊ ဆယ်အိမ်လောက်ပဲပြန်ကြတယ်အင်ပင်တို့က ရွာလုံးကျွတ်နီးပါးပြန်တာပေမယ့်အခုအားလုံးပြန်တိမ်းနေကြပြန်တယ် နေလို့မရဘူး ည ညဆိုပစ်ပစ်နေတာလည်းနေလို့မရသေးဘူးလို့ သူကပြောပါတယ်။

နန့်သာကျေးရွာမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်ဟာ နဂိုကအင်အား ၃၀ လောက်သာရှိတာဖြစ်ပြီး အဲ့ဒီထဲကစစ်သား ၄ ဦးဟာ ဒီနှစ် ဇန်နဝါရီလ ဆန်းပိုင်းမှာ တပ်ထဲကနေထွက်ပြေးသွားတာကြောင့်အင်အားနည်းလာတဲ့အတွက်အခုလိုခြောက်လန့်ပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ အောင်းကုန်းကျေးရွာ နေအမျိုးသားတစ်ဦးကအခုလိုပြောပါတယ်။

သူတို့အဲ့လိုလက်နက်ကြီးတွေယမ်းမပစ်တာကြာပြီငြိမ်နေတာ အဲ့ကြောင့်ပြန်ကြတာ ဒါပေမယ့် သူတို့တပ်ထဲက လေးယောက် ဟိုလကထွက်ပြေးသွားတယ်လေး အခုသူတို့အင်အားနည်းသွားပြီ အဲ့လေးယောက်ပြေးသွားတဲ့နောက်ပိုင်းစပစ်တော့တာပဲလို့သူကပြောပါတယ်။

နန့်သာ အထိုင်တပ်ဟာ ၂၀၂၃ ခုနှစ် မတ်လက မော်တိတ်ဒေသထဲကို အင်အား ၂၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲ ပြီးဝင်ရောက်လာတဲ့စစ်ကြောင်းထဲကနေ တပ်စိတ်တစ်စိတ်ဖြစ်ပါတယ်။

လက်ရှိအင်းတော်နယ် မော်တိတ်ဒေသထဲမှာ ကျေးရွာပေါင်း ၁၀ ကျော်ထဲက ပြည်သူ ၇၀၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button