သတင်း

ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး ကျောင်းဆရာတစ်ဦး သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပွားခဲ့တာကြောင့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက သိရပါတယ်။

ဖြစ်စဉ်ကတော့ ဒီကနေ့ ညနေ ၄ ခွဲဝန်းကျင် ဝိုင်းမော်မြို့ အမှတ် ၂ ရပ်ကွက် ဝါရှောင်ဘက်သွားတဲ့လမ်းမကြီး KBC ဘုရားကျောင်းနဲ့ လမင်းတရာဆေးဆိုင်အနီးမှာ ရပ်ထားတဲ့သုံးဘီးကားကို ဆိုင်ကယ်တစ်စီးကဝင်တိုက်ခဲ့ရာ ဆိုင်ကယ်မောင်းသူကျောင်းဆရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူက ခုလိုပြောပါတယ်။

သေဆုံးတဲ့ အနေအထားကြည့်ရတာတော့ အရှိန်တော်တော်များတာ တွေ့ရတယ်။ ပြီးတော့ ပွဲချင်းပြီးသေတာဗျ ဇာတ်ကျိုးပြီး‌တော့လို့ သူကဆိုပါတယ်။

သေဆုံးသွားတဲ့ ကျောင်းဆရာကတော့ အမှတ်() ရပ်ကွက်က ချစ်အောင်ဆိုသူဖြစ်ပြီး  အမှတ်()မူလတန်းကျောင်းက ကျောင်းဆရာ တစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိရုပ်အလောင်းကိုတော့ ဝိုင်းမော်ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။ 

ဒါ့အပြင် အခုလို ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေ များလာတဲ့ အပေါ်  လူမူကူညီရေးအသင်းတာဝန်ရှိသူက ခုလို သုံးသပ်ပါတယ်။

ကျွန်တော်ကတော့ ဆိုင်ကယ်တွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းအတိုင်းမောင်းနေကြရင်ဘာမှ ဖြစ်မှာမဟုတ်ဘူးလေ။ အဓိကတော့ ဆိုင်ကယ်မောင်းတဲ့ သူတွေပေါ်ဘဲ မူတည်တာပေါ့ ကျွန်တော်တို့ကတော့ ဖြစ်ရင်တော့ သွားကူညီမှာဘဲလေလို့ဆိုပါတယ်။

ဝိုင်းမော်မြို့မှာ ဖေဖော်ဝါရီလ တတိယပတ်အတွင်းမှာဘဲ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ သုံးဦးထိ ရှိခဲ့ပြီဘဲ ဖြစ်ပါတယ်။

ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်းမှာပဲ ယာဉ်တိုက်မှုပေါင်း ခန့်မှန်းချေ ၂၀ကျော်ရှိခဲ့ပြီး သေဆုံးသူတွေလည်းရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button