စစ်ပြေးဒုက္ခသည်များသတင်း

စီခမ်းကြီးစစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးစခန်းကြီးတိုက်ပွဲကြောင့် ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုအရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲကြောင့် စီခမ်းကြီးကျေးရွာဒေသခံတွေအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။

အဲဒီစစ်ရှောင်တွေဟာ လက်ရှိ ဗန်းမော်မြို့တွင်းတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဦးရေ အယောက် ၇၀၀ ဝန်းကျင် အခြေခံစားသောက်ကုန်အပါအဝင်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတာဖြစ်တယ်လို့ ဗန်းမော်မြို့ ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ထွက်ပြေးလာတဲ့ တစ်ချို့ဆို ဖိနပ်တောင်မပါကြဘူး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာ တဲ့သူ တွေများတယ်၊ သူတို့တွေ ဆန်၊ဆီ၊ဆားကအစ အိုးတွေကအစပေါ့ ပြီးရင် ခင်းစရာဖျာလေးတွေ၊ စောင်လေးတွေလည်း လိုအပ်နေတာဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် စီခမ်းကြီးစစ်ရှောင်တွေဟာ အခင်းဖျားတွေအလုံအလောက်မရှိဘဲ တမံတလင်း၊ ကြမ်းခင်း ပေါ် အခင်းပါးပါးနဲ့ အိပ်နေရတာကြောင့် နားမကျန်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေအတွက် ကျန်းမာရေး ထိခိုက်လာနိုင်တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီထွက်ပြေးတိမ်းရှောင်လာခဲ့သူတွေဟာ မံစီမြို့နယ်၊ ခါချဉ်၊ မွန်စင့်၊ စီခမ်းကြီး၊ ပန်သိုင်း၊ စီကော်၊ မက်လင်၊ သံတံတား စတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်။

လက်ရှိ စစ်ရှောင်တွေဟာ ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားဘုန်းကြီးကျောင်းဝန်းမှာ ၃၄၁ ယောက်၊ သုခဝတီဘုန်းကြီးကျောင်းမှာ ၁၃၇ ယောက်ခန့် ရှိပြီးတော့ ပေါက်ကုန်းရပ်ကွက်၊ ရိုးကြီး၊ ဟန်းတဲ၊ ကန်တော်၊ စီဟဲ၊ ခွန်သာရပ်ကွက်၊ ကုက္ကိုတော စတဲ့ ရပ်ကွက်၊ တစ်ခြားရပ်ကွက်တွေ မှာရှိတဲ့ ဆွေမျိုးအိမ်၊ အသိမိတ်ဆွေ အိမ်နဲ့ အိမ်ငှားပြီးတော့ ခိုလှုံနေကြတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။

မြို့ပေါ်ရပ်ကွက် ဘုန်းကြီးကျောင်းနေရာမှာ အကူအညီတွေ ရရှိနေပေမဲ့ ရပ်ကွက်အသီးသီးမှာ ခိုလှုံနေကြသူတွေအနေနဲ့ အကူအညီတွေ မရောက်ရှိသေးဘူးလို့ ဆိုပါတယ်။

ရပ်ကွက်တွေမှာနေကြတာက ၂၀၀ ဝန်းကျင်လောက်တော့ရှိမယ်၊ သူတို့ဆီမှာ ဘာအကူအညီမှမရသေးဘူး၊ ဘယ်အဖွဲ့အစည်းတွေလည်း မရောက်သေးဘူး၊ ဘယ်လိုဘဲ ရပ်ကွက်မှာနေနေ သူတို့လည်း စစ်ရှောင်လာကြတဲ့သူတွေဘဲလေ၊ ပြောချင်တာက လှူမဲ့သူတွေရှိလာရင် သူတို့အတွက်လည်း စာရင်းထဲထည့်တွက်စေချင်တယ်လို့ပြောပါတယ်။

လက်ရှိ စီခမ်းကြီးအပါအဝင် ကျေးရွာတော်တော်များများက တစ်ချို့ နေအိမ်တွေ ပျက်စီးသွားပြီဖြစ်တာကြောင့် ပြန်စရာနေအိပ်မရှိတော့တဲ့အတွက် နောက်ရက်တွေမှာလည်း စစ်ရှောင်တွေ ထပ်ရောက်လာနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီထွက်ပြေးတိမ်းရှောင်လာခဲ့သူတွေဟာ စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲကြောင့် မံစီမြို့နယ်၊ ခါချဉ်၊ မွန်စင့်၊ စီခမ်းကြီး၊ ပန်သိုင်း၊ စီကော်၊ မက်လင်၊ သံတံတား စတဲ့ ကျေးရွာတွေကဒေသခံတွေ ဖြစ်ကြပါတယ်။

By – BU BU

Show More

Related Articles

Back to top button