သတင်း

မိုးကောင်း ၈ မိုင်ရွာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်

အရပ်သားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ၈ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး လူနေအိမ်တွေပါ ဝင်ရောက်စစ်ဆေးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းကနေ မိုးကောင်းမြို့နဲ့ ၅ မိုင်အကွာရှိတဲ့ မာန်ရွက်ကျေးရွာက ပြည်သူ့စစ်တပ်စခန်းကနေ ၈ မိုင်ကျေးရွာဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ပြီး ၁၂ နာရီနောက်ပိုင်းမှာ ၈ မိုင်ဘက်ကို သွားရောက်ပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။

စစ်သားတွေက အခု ၈ မိုင်လမ်းဆုံနားမှာ ရောက်နေတယ်။ အဲမှာစောင့်နေပြီးတော့ လမ်းသွား လမ်းလာ ပြည်သူတွေကို ဖမ်းဆီးထားတယ်လို့ကြားတယ်။ အခုအဲဒီဘက်ကို ဆက်သွယ်ကြည့်ရသလောက်က စျေးရောင်းစားတဲ့ စျေးသည်တစ်ချို့ကိုလည်း ကားပေါ်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကြားတယ်။ စစ်သားတွေပဲကျန်ရှိသေးတယ်ကြားတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေ အထိုင်ချထားပြီး ဖမ်းဆီးစစ်ဆေးနေတဲ့ ၈ မိုင်လမ်းဆုံနေရာဟာ ရန်ကုန်၊ မန္တလေး ပြည်ထောင်စုကားလမ်းမကြီးကနေ ဖားကန့် ဘက်ကိုတက်သွားတဲ့ လမ်းဆုံနေရာမှာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ သူတွေကို ကားနဲ့ တင်သွားတယ်လို့ ပြောပြပေမယ့် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။

၈ မိုင်လမ်းဆုံမှာ လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး ၈ မိုင်ဒေသခံ အမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။

ဖမ်းတာတော့ဟုတ်တယ်။ ၈ မိုင်လမ်းဆုံရဲ့ သစ်ပင်အောက်မှာ ပုန်းနေကြတာဟုတ်တယ်။ ဖမ်းဆီးခံရတဲ့ သူတွေတော့ရှိတယ်လို့ကြားတယ်။ ဒါပေမယ့် တစ်ချို့ကိုတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်ပြီး ပြန်လွှတ်နေတယ်လို့ အစ်မတစ်ယောက်က ပြောလာတယ်။ အားလုံးက ကြောက်လို့ အပြင်လည်း မထွက်ရဲ ဘယ်နှစ်ယောက်ဖမ်းခံရမှန်းမသိဘူးလို့ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း မိုးကောင်း ၅ မိုင် မာန်ရွက် ပြည်သူ့စစ်တပ်စခန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ၈ မိုင်ကျေးရွာအနီးတဝိုက်မှာ ကျမှန်ပေါက်ကွဲမှုတွေရှိခဲ့ပြီး တစ်ချို့လက်နက်ကြီးတွေဟာ မပေါက်ကွဲသေးဘဲ ကျန်ရှိနေသေးတယ်လို့ သူကဆက်ပြောပြပါတယ်။

မာန်ရွက်ကျေးရွာ ပြည်သူ့စစ်တပ်ဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ၈ မိုင်ကျေးရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ်တစ်လုံးနဲ့ သုံးဘီးတစ်စီး လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒါ့ကြောင့် ၈ မိုင်ကျေးရွာမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် အပြင်မထွက်ကြဘဲ လုံခြုံတဲ့နေရာတွေမှာ ပုန်းရှောင်နေကြတယ်လို့ ဆက်သိရပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့တွေ ၈ မိုင်ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာတာဟာ ပြီးခဲ့တဲ့ တစ်လဝန်းကျင်လောက်ကနေ ၈ မိုင်လမ်းဆုံအနီးတဝိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲတွေက ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးတောင်းခံတာတွေ၊ စစ်ဆေးရေးလုပ်ဆောင်တာတွေရှိနေတာကြောင့် စစ်ကောင်စီတပ်တွေဘက်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့ မိုးကောင်းဒေသခံ ပြည်သူတွေက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိ ၈ မိုင်ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှု သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မိုးကောင်းတပ်ဘက်ကဖြစ်တယ်လို့သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button