တိုက်ပွဲသတင်း

ဟိုပင်မှာ တိုက်ပွဲဖြစ်နေပြီး အရပ်သားတချို့တိမ်းရှောင်နေရ

မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိတယ်လို့ Hopin PDF ဆီကသိရပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာပဲ အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတာဖြစ်ပြီးတော့ လက်ရှိသတင်းရေးသားနေတဲ့အချိန်ထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဟိုပင် PDF က တာဝန်ရှိသူ တစ်ယောက် က ပြောပါတယ်။

မနက် ၉ နာရီလောက်ကတည်းကဖြစ်နေတာ တိုက်ပွဲကတော့ အခုထိဖြစ်နေတုန်းမပြီးသေးဘူး အကျအဆုံးကတော့ ကျနော်တို့ဘက်ကမရှိဘူး သူတို့ဘက်ကတော့များတယ်လို့သတင်းရတယ်။ အခုကတော့ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိပေမဲ့ အတိအကျကိုတော့ အတည်မပြု နိုင်သေးဘူးလို့ဆိုပါတယ်။

ဟိုပင်ဒေသခံတစ်ယောက်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေနေနဲ့ အရပ်သားတွေ တချို့ ဟိုပင်မြို့ပေါ်ကိုတိမ်းရှောင်နေရတယ်လို့ အခုလို ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး စစ်တပ်နဲ့ရှမ်းနီတပ်တွေပေါင်းပြီး နန့်ရင်း ရွာ ဘေးကနေပစ်နေတာ သူတို့က နန့်ရင်းတံတားဘေးကနေပစ်နေတာပေါ့ အဲ့ဒီနန့်ရင်းချောင်းနား မှာ နေတဲ့ အရပ်သားတချို့တော့ ဟိုပင်မြို့ဘက်ကိုရှောင်လာကြတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အင်အား ၂၀၀ ကျော်လောက်ရှိတဲ့ စစ်ကြောင်းဖြစ်ပြီး နန့်ရင်းချောင်း ဟိုဖက်ဒီဖက်တိုက်ပွဲဖြစ်နေတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းထဲမှာ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင်ပါဝင်သလို စစ်ကောင်စီ တပ်ဘက်ကတော့ မိုးညှင်းမြို့နယ် နန်းခွင်နဲ့ပွင့်ဖြူရွာကြားက ခလရ ၅၂၁ တပ်က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကတည်းက နန့်ရင်း တံတားမှာ ကတုတ်ကျင်းတူးတာတွေလုပ်ပြီး အထိုင်ချဖို့ကြိုးစားလာတဲ့အတွက် နှစ်ဖက်တင်းမာ ခဲ့ရာကနေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း နန့်ရင်းချောင်းတစ်လျှောက် ဟိုပင် ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီပူပေါင်းစစ်ကြောင်းတို့ ထိတွေ့မှုတွေဖြစ်ခဲ့ပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button