ဖမ်းဆီးခံရမှုသတင်း

မိုးညှင်းနဲ့ မိုးကောင်းဒေသ စစ်တပ်နဲ့ SNA တပ်က ဖမ်းဆီးမှုပိုမိုလုပ်ဆောင်လာ

မိုးညှင်းနဲ့ မိုးကောင်း မြို့နယ်အတွင်းရှိကြတဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်တွေက ခရီးသွားပြည်သူတွေကို သွားလာရေးခက်ခဲအောင်လုပ်ဆောင်နေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ မိုးညှင်း၊ ဟိုပင်၊ နမ္မန၊ မင်းကုန်း၊ နန့်ခွင် စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သားနဲ့ SNA တပ်တွေက အင်အား ၁၀ ကျော်လောက်စုဝေးပြီး လမ်းသွားလမ်းလာခရီးသည်ပြည်သူတွေကို ရှောင်တခင်တားမြစ် စစ်ဆေးတာတွေလုပ်ဆောင်နေပါတယ်။

အခုလို ခရီးသွားပြည်သူတွေကို တင်းကြပ်စစ်ဆေးတာတွေ လုပ်ဆောင်လာတာဟာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်ထမ်း ဥပဒေထုတ်ပြန်လိုက်တဲ့နောက်ပိုင်း တွေ့လာရတာဖြစ်ပြီး အဓိက ကချင်လူငယ်တွေနဲ့ စစ်ကိုင်းဒေသ ၅ / မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ သူတွေ၊ PDF တပ်ဖွဲ့ဝင်တွေကို စစ်ဆေးနေတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ မိုးညှင်းဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ဒီဖက်မှာကလေ ရှမ်းနီ SNA အဖွဲ့တွေက တအားသောင်းကျန်းလာတယ်။ ဘယ်လိုဖြစ်နေလဲဆိုတော့ ကချင်လူငယ်တွေဆိုရင်လည်း အရမ်းစစ်တယ်။ ပြီးရင် သူတို့ကြည့်ပြီး PDF ထင်တဲ့သူတွေကိုလည်း မထင်ရင် မထင်သလိုကားပေါ်က ဆွဲချတာပဲ။ နောက်တစ်ခုက စစ်ကိုင်းဘက်ကလာတဲ့ သူတွေဆို သူတို့စစ်ကို စစ်တယ်လို့ပြောပါတယ်။

မိုးညှင်းနဲ့ မိုးကောင်းဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SAN တပ်တွေ အခုလို စစ်ရေးလှုပ်ရှားပြီး စစ်ဆေးရေးတင်းတင်းကြပ်ကြပ် လုပ်ဆောင်လာတာဟာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အသက် ၁၈ နှစ်ပြည့်ရင် စစ်မှုထမ်းဆောင်ရမယ်လို့ စစ်ဥပဒေထုတ်ပြန်လိုက်တဲ့နောက်ပိုင်း သိသိသာသာ လုပ်ဆောင်လာတာဖြစ်တယ်လို့ ဆက်ဆိုပါတယ်။

အဲဒီ စစ်မှုထမ်း ဥပဒေထုတ်ပြန်လိုက်တဲ့နောက်တဖက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်တပ်ဖွဲ့တွေဘက်ကလည်း တော်လှန်ရေးလုပ်ငန်းစဉ်ထဲကို ဝင်ရောက်လာကြဖို့ ထုတ်ပြန်ပြောဆိုတာတွေ ရှိနေတာကြောင့် စစ်ကောင်စီတပ်နဲ့ SNA တပ်ဖွဲ့တွေကလည်း အဲဒီဒေသကို ထိန်းချုပ်နိုင်ဖို့ရန်အတွက် လုပ်ဆောင်လာတဲ့ လုပ်ရပ်တစ်ခုလည်းဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

တစ်ဖက်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေလည်း သူတို့ရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်ထဲမှာ ဝင်ရောက်လာကြဖို့ ခေါ်နေပြီဖြစ်တယ်။ အဲကြောင့်လည်း သူတို့လည်း ဒီနေရာမှာ ရသလောက်ဆွဲခေါ်ပြီးတော့ ဒီဒေသမှာ ပြန်ပြီးထိန်းချုပ်ဖို့ လုပ်လာတယ်လို့မြင်တယ်။ ရှင်းရှင်းပြောရရင် စစ်တပ်ကို အင်အားဖြည့်ပေးတဲ့ သဘောလည်းပါတယ်လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ နဲ့ SNA တပ်ဖွဲ့တွေဟာ မင်္သက္ခာမှုနဲ့ ဖမ်းဆီးစစ်ဆေးတဲ့ ကချင်လူငယ်တွေကိုမိုးညှင်းနဲ့ မိုးကောင်း သံလမ်းတစ်လျှောက်ဟာ ခင်ဗျားတို့ရဲ့ ဒေသဟုတ်ပါသလားဆိုတဲ့ လူမျိုးပဋိပက္ခာဖြစ်စေမယ့် အသုံးအနှုန်းဖြစ်တဲ့ မေးခွန်းမေးမြန်းတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ခုရက်ပိုင်းအတွင်း ခရီးသွားပြည်သူတွေ စစ်ဆေးခံရမှုနဲ့ ဖမ်းဆီးမှုအများဆုံးကြုံတွေ့ရတဲ့ ကျေးရွာတွေဟာ ဟိုပင်မြို့အဝင်အထွက်နဲ့ နမ္မန၊ နန့်ခွင်နေရာတွေမှာဖြစ်ပြီးတော့ ဖမ်းဆီးခံရတဲ့သူတွေဟာ များသောအားဖြင့် လူငယ်အမျိုးသားတွေသာအများဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မြစ်ကြီးနားမန္တလေး ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ပြေးဆွဲတဲ့ ခရီးသည်ယာဉ်တွေကို နန့်ခွင်ကျေးရွာအဝင်တံတားမှာ စစ်တပ်ကောင်စီတပ်နဲ့ SNA တပ်ဖွဲ့တွေကခရီးသွား လူငယ်အမျိုးသား ၂၇ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

အဲ့ ဒီဖမ်းဆီးခဲ့တဲ့ ၂၇ ယောက်ကို နန့်ခွင်နဲ့ ကြာကြီးကွင်းကြားမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ ၅ ၂၁ တပ်ရင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ချို့ကို မိဘတွေနဲ့ လာရောက်ညှိနှိုင်းမှုရှိခဲ့တာကြောင့် လွတ်မြောက်လာတဲ့ သူရှိပေမယ့် ၁၄ ယောက်က ဖမ်းဆီးခံထားရဆဲသိရပြီး ပြန်လည်လွတ်မြောက်လာမှုရှိမရှိ သတင်းအချက်လက်ပြတ်တောက်နေတာလည်းဖြစ်ပါတယ်။

နန့်ခွင်ဒေသခံတွေရဲ့ ပြောချက်ချက်အရ ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ ခရီးသည်လူငယ် ၁၄ ယောက်နဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ အင်းတော်နယ်မှာ ဖမ်းဆီးခံရတဲ့ သူတွေကို အဲဒီ ခမရ ၅ ၂၁ တပ်ရင်းမှာ စစ်သင်တန်းပို့ချပေးဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် မိုးကောင်းမြို့နယ်ထဲမှာရှိတဲ့ နမ္မတီးမြို့တွင်းနေရာတွေလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းလောက်ကနေ ကားလိုင်စင်၊ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား၊ ကား၊ ဆိုင်ကယ် စစ်ဆေးတာတွေကို စစ်ဆေးရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နမ္မတီးမြို့တွင်းမှာရှိတဲ့ ကံလှနဲ့ ကျောက်တောင်ကုန်း နေရာတွေမှာ တပ်ဖြန့်ချထားပြီးတော့ သွားလာရေးခက်ခဲသွားအောင် စစ်ဆေးရေးတင်းကြပ်ထားတယ်လို့ နမ္မတီဒေသခံတစ်ယောက်က အခုလိုပြောဆိုလာပါတယ်။

သူတို့က မြဝတီဘက်က ဝင်တဲ့ကားတွေစစ်တယ်။ ကားနဲ့ ဆိုင်ကယ်တွေကို စစ်တယ်။ မှတ်ပုံတင်စစ်တယ်။ မြို့အဝင်အထွက် ၂ ဖက်စလုံးကို သူတို့ စစ်ချင်သလို စစ်ကြတယ်။ အကုန်စစတယ် ဘာလို့စစ်တယ်ဆိုတာကို မသိဘူး။ အားလုံးက စစ်ဝတ်စုံနဲ့ပဲ။ ဖမ်းဆီးခံရတဲ့ သူတွေလည်းရှိတယ်လို့ကြားပါတယ်။ ဘယ်သူဘယ်ဝါဆိုတာက သေချာတော့မသိရဘူးလို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ နဲ့ ၁၆ ရက်တွေမှာလည်း နမ္မတီးမြို့အဝင် တနိုင်းသွားလီဒိုလမ်းမပေါ် မရန်ကထောင် စစ်တပ်ဂိတ်မှာ ခရီးသွားပြည်သူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးမှုရှိခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံရတဲ့ သူတွေကို တစ်ချို့ကို ပြန်လည်လွတ်ပေးခဲ့တယ်လို့ သိရပေမယ့် တစ်ချို့ကတော့ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာတယ်လို့ မကြားသိရသေးပါဘူး။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button