သတင်း

မြစ်ကြီးနား-ချီဖွေလမ်းပိုင်း ဂိတ်တွေမှာ ဆန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ပိုခက်ခဲလာ

မြစ်ကြီးနားချီဖွေ သွားလမ်းပိုင်း ဂိတ်တွေမှာ အစစ်အဆေးတွေများပြီး ဆန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့် ပိုမို ခက်ခဲလာတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ခုလို စစ်ဆေးရေး ပိုတင်းကြပ်လာတာ ဒီနှစ်လဆန်းပိုင်းကနေ ပိုပြီးဆိုးရွားလာတာဖြစ်တယ်လို့ ချီဖွေဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ဆန်တွေက သယ်လို့မရဘူး၊ ဆန်သယ်ရင် တစ်အိတ်ကို ဘယ်လောက်ဆိုပြီး တောင်းကြတယ်၊ တစ်ချို့အိမ်မှာ စားဖို့အတွက်ဘဲဆိုရင်က အဲ့လိုသယ်နေကြတယ်။ ခုပိုဆိုးလာတယ်လို့ ပြောပါတယ်။

ဒါအပြင် ဆန်အိတ်အရေအတွက်အလိုက် သယ်ဆောင်ခပေးနေရတာဖြစ်ပြီး တစ်အိတ်ကို အနည်းဆုံး ၅ထောင်က ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိချီဖွေမြို့ပေါ်မှာ ၂ တင်းအိတ်ဆန် တစ်အိတ် ၁ သိန်း၇သောင်း၊ စက်သုံးဆီတွေလည်း တစ်လီတာ ၅၀၀၀/ ၅၅၀၀ ထိရှိနေပြီး အရင်နှစ်တွေထက် ၂ ဆလောက်ထိုး တက်လာတာလို့ ဒေသခံတွေက ပြောပြပါတယ်။

ချီဖွေမြို့နယ် က တစ်ချို့ကျေးရွာတွေမှာရှိတဲ့ တရုတ်သတ္တုတူးဖော်ရေး နေရာတွေမှာတော့ တရုတ်ပြည်ဘက်က မှာပြီး သွင်းယူတာတွေရှိပေမဲ့လည်း အများစုကတော့ မြစ်ကြီးနားဘက်က အဓိကသယ်ယူတာဖြစ်တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

အခုအကုန်လုံးကတော့ မြစ်ကြီးနားက သယ်ယူပြီး စားတဲ့သူတွေဘဲပေါ့နော် တရုတ်ပြည်ဘက်က စားတာက ဒီသတ္တုဆိုက်တွေမှာနဲ့ ချန်းမုန်းခုန်းဘက်မှာလည်း တရုတ်လမ်း လူတော့မဝင်ခိုင်းဘူး ဒါပေမဲ့ ပစ္စည်းတွေတော့ သယ်ခွင့်ပြုတော့ အဲ့ကနေ မှာစား၊ မြစ်ကြီးနားက မှာစားနဲ့ လုပ်နေကြတာပေါ့လို့ပြောပါတယ်။

စစ်ဆေးမှုတွေပိုမို တင်းကျပ်တဲ့ ဂိတ်နေရောတွေကတော့ ၁၃ ကီလိုမီတာ စုပေါင်းဂိတ်နဲ့ မန်ဝိန်းဂိတ်တွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အခုလို စစ်ဆေးရေး ဂိတ်တွေမှာ ဆန်သယ်ယူတာနဲ့ပတ်သက်ပြီး ပိုမိုတင်းကျပ် လာတဲ့အတွက် ဒေသခံတွေ အနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ချီဖွေ ဒေသခံအမျိုးသမီး တစ်ယောက်က KNG ကိုပြောပါတယ်။

ဒီ မန်ဝိန်းဂိတ်မှာပေါ့ အဲ့မှာအရမ်းခက်တယ်၊ ဆန် ၅ အိတ်ထက်သယ်ပြီဆိုရင် အရမ်းကို ပြောယူရတယ်၊ အဲ့လိုအရမ်းခက်တယ်၊ နင်တို့ကို ဆန်မသယ်ခိုင်းတာ ဘာလို့ ဆန်တင်လာတာလဲ၊ နှစ်အိတ်ထက်ပိုမသယ်နဲ့လို့ ပြောထားတာကို ဆိုပြီး တင်းတင်းကျပ်ကျပ်ကို ပိတ်ပင်နေတာ” 

မြစ်ကြီးနားချီဖွေ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ်၊ စုပေါင်းဂိတ် စတဲ့ဂိတ်တွေ စုစုပေါင်း ၃၀ ခုလောက်ရှိတာဖြစ်ပါတယ်။

ချီဖွေမှာ တောင်သူ၊ လယ်ယာစိုက်ခင်းလုပ်သူတွေ မရှိသလောက် နည်းပါးတဲ့အတွက် ချီဖွေမြို့ ဒေသခံတွေ အကုန်လုံးက မြေပြန့်ဒေသကနေ အဓိက မှီခိုနေကြတာဖြစ်တဲ့အတွက် လမ်းပိုင်းတွေမှာ ဆန်တွေကို အတားအဆီးမရှိဘဲ သယ်ယူခွင့် ပြုစေချင်တယ်လို့ တောင်းဆိုနေကြပါတယ်။

အခုလို ဆန်သယ်ယူခွင့် ပိတ်ပင်တာဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တစ်ကျော့ပြန် တိုက်ပွဲကတည်းက ဖြစ်ပေမဲ့ ၂၀၂၁ ခုနစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ သိသိသာသာ တင်းကျပ်လာနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button