မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မိုးကောင်းမှာ ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတချို့နဲ့ ဒေသခံတချို့က ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေပြီး ဒေသခံတွေကလည်း အုပ်ချုပ်ရေးမူးတွေဆီ တိုင်ကြားပေမဲ့ အရေးယူဆောင်ရွက်တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 မိုးကောင်းမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ နန့်ရင်းရပ်ကွက်က မူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းမြေကိုဖို့ပေးမယ်လို့ဆိုကာ ည ၁၂ နာရီဝန်းကျင်လောက်ဆိုကျောက်စိမ်းတူးတာမျိုးတွေ ရှိတယ်လို့ ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

နန့်ရင်းရပ်ကွက်ပေါ့နော် စာသင်ကျောင်းထဲမှာ မြက်နုတ်ပေးတာလိုလို မြေဖို့ပေးတာလိုလို လုပ်ပြီးတော့ အဲ့နေရာမှာတွေတူးထားတယ်လို့သိရတယ်ဗျ ညဘက်တွေမှာတအားတူးတယ် ဒေသခံတွေကလည်း တိုင်ကြားတာတွေရှိပေမဲ့ လုပ်ဆောင်တာတွေမရှိဘူးလို့ပြောပါတယ်။

ကျောက်တူးဖော်နေသူတွေဟာဘယ်သူဘယ်ဝါတွေဆိုတာအတိအကျမသိပေမဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ငွေပေးပြီးခိုင်းတာမျိုးတွေဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် နန့်ရင်းရပ်ကွက် လမ်းကြိုလမ်းကြားတွေနဲ့ တရုတ်ဘုံကျောင်းအနီးတွေမှာလည်း တူးဖော် တာမျိုးတွေရှိနေပြီး ဒီလိုတူးဖော်တာကို ခွင့်ပြုထားတာလည်းမရှိဘူးလို့ ဆိုပါတယ်။

နန့်ရင်းရပ်ကွက်ဟာ ပြီးခဲ့တဲ့ အာဏာမသိမ်းခင်ကလည်း စည်ပင်သာယာကနေ ရေမြောင်းဖော် ရာကနေ ကျောက်စိမ်းတွေစတွေ့ခဲ့ဖူးတယ်လို့ မိုးကောင်းမြို့ပေါ်က ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

အခုနောက်ပိုင်းတော့မသိဘူး ဟိုတုန်းကတော့ နန့်ရင်းမှာ ပထမဆုံးစတူးတာက စည်ပင်ကနေ ရေမြောင်းဖော်ရာကနေ ဘက်ဟိုးအသေးလေးနဲ့ အဲ့တုန်းက ကျောက်အစအနလေးတွေပေါ့ ပစ်ထားတာလေးတွေပေါ့ အဲ့တာနဲ့ လမ်းဘေးမှာခိုးတူးကြတာပေါ့ အဲ့ဒီကျောက်အစအနလေးတွေ ကလည်း သိန်းဂဏန်းတန်တော့ နာမည်ထွက်သွားတာနဲ့ တူးတော့တာပဲလို့ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီကျောက်အစအနတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အလွန်ကာလတွေက မိုးကောင်း ဒေသက ကျောက်သူဌေးတွေက ကျောက်သားတွေကိုဖြတ်တဲ့အချိန် ကျန်တဲ့အပိုင်းအစ တွေ စွန့်ပစ်ခဲ့တာ၊ မြေမြုပ်ထားခဲ့တာတွေဟာ အဲ့ဒီခေတ်တွေက တန်ကြေးမရှိပေမဲ့ ဒီကာလမှာတော့ ဈေးရတာကြောင့် တူးဖော်နေကြတာလို့ နောက်ထပ်ဒေသခံတစ်ယောက်ကပြောပါတယ်။

တူးဖော်တဲ့အချိန်မှာ စက်ယန္တရားအသုံးပြုတာတွေတော့မရှိပေမဲ့ လမ်းမြေတွေနဲ့ စာသင်ကျောင်း ဝန်းတွေမှာ မြေကျင်းတွေနဲ့လှိုင်ခေါင်းတွေဖြစ်ကုန်သလို ကျွင်းတစ်ကျွင်းဟာလည်း ၁၀ ပေကျော် အနက်လောက်ရှိတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါ တယ်။

မိုးကောင်းမြို့နယ်မှာ တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ကျောက်ခွဲစက်ရုံ ၅၀ ကျော်ရှိတယ်လို့ သိရပြီး တချို့ကတော့ အဲ့ဒီနေရာတွေမှာ သွားရောင်းကြတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button