တိုက်ပွဲသတင်း

KIO  လိုင်ဇာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေကို KIA ဝင်ရောက်တိုက်ခိုက်နေ

မြစ်ကြီးနားဗန်းမော် ကားလမ်းမပေါ် ဒေါ့ဖုန်းယန်အပါအဝင် နွမ်လန့်(Numlang) ကုန်းလော(Kunglaw)တစ်လျှောက် စစ်ကောင်စီတပ်စခန်း နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ပွဲဆင်နွှဲနေပြီလို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်ကနေ နွမ်လန့် ခမရ ၄၃၈ ၊ ဒေါ့ဖုန်းယန်(Dawhpum Yang)ခလရ ၁၄၂ ၊ နောင်ကွန်(Nawngkawn Dap)မြောက်တပ်၊ မြို့သစ်တပ်စခန်းနဲ့ ခယာ(Hkaya Bum)၊ ဘွမ်ရေဘွမ့်(Bumre Bum)စတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကိုတပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ နွမ်လန့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုအတည်ပြုပြောဆိုပါတယ်။

ဒေါ့ဖုန်းယန် နဲ့  နွမ်လန့် ၊ မြို့သစ် တစ်လျှောက်ဟုတ်ပြီ KIA ရဲ့  စခန်းသိမ်းတိုက်ပွဲစနေပြီ။ ဒီမနက် ၅ နာရီလောက်ကနေ တစ်ပြိုင်နက် အကုန်စနေပြီ။ ဒီတိုက်ပွဲက KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဖြစ်တယ်လို့ မြင်တယ်။ ဒီတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အကုန်သိမ်းပိုက်နိုင်ဖို့ ဆိုပြီးကြာပြီ ပြင်ဆင်နေတာလို့ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက KIO လိုင်ဇာအနီးတဝိုက် တည်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ၂ ရက်အတွင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီဝန်းကျင်လောက်အထိ စစ်ကောင်စီတပ်စခန်းရှိတဲ့ နေရာတွေအားလုံးမှာ တိုက်ပွဲဆက်လက်ပြင်းထန်းနေပြီးတော့ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ လာက်ရောက်ပျံဝဲတာတွေရှိနေပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်အထိ နှစ်ဖက်တပ် တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်မှုအခြေအနေနဲ့ စခန်းသိမ်းနိုင်မှု အခြေအနေကို အသေးစိတ်သိရှိဖို့ရန်ခက်ခဲနေဆဲဖြစ်ပါတယ်။

KIA ဝင်ရောက်တိုက်ခိုက်နေတဲ့ ခယာဘွမ့်(Hkaya Bum)၊ ဖွန်းပရန်ဘွမ့်(Hpun Pyen Bum) ၊ အင်းတပ်ဘွမ့်(Ntap Bum) စတဲ့တပ်စခန်းတွေဟာ KIO လိုင်ဇာအနီးတဝိုက် နှစ်ရှည်အခိုင်အမာ တပ်ချနေထိုင်ထားတဲ့ တပ်စခန်းတွေဖြစ်ပြီးတော့ စစ်ကောင်စီအတွက် ဗျူဟာမြောက်တဲ့ တပ်စခန်းတွေဖြစ်ပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ရွှေညောင်ပင် စစ်ကောင်စီတပ် ခမရ ၃၂၁ တပ်စခန်းနဲ့ အောင်မြေ () မှာ ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်စခန်း ၂နေရာကိုလည်း တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ အောင်မြေ ()ဒေသခံအမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

အင်လုန်ခတပ်စခန်းကိုတော့ ရှင်းလိုက်ပြီလို့တော့ကြားတယ်။ သေချာမသိသေးဘူး။ ရွှေညောင်ပင်မှာတော့ ရွာထဲအထိ တိုက်ပွဲဖြစ်နေသေးတယ်။ လက်နက်သံတွေ ဆက်တိုက်ကြားနေရသေးတယ်လို့ပြောပါတယ်။

KIA တပ်တွေက တစ်ရက်ထဲမှာပဲ မြစ်ကြီးနားဗန်းမော်လမ်းကားလမ်းမပေါ် မှာရှိတဲ့ ဝိုင်းမော်နဲ့ ဒေါ့ဖုန်းယန် စတဲ့ မြို့နယ် တစ်ဆက်တည်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button