စစ်ပြေးဒုက္ခသည်များသတင်း

မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတစ်ချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာကိုစိုးရိမ်ကြတဲ့ အတွက် မြို့ခံပြည်သူအများအပြားဟာ ရိက္ခာတွေပြေးဝယ်နေကြပြီး တစ်ချို့မြို့ပြင်ဘက်ကို တိမ်းရှောင်သွားကြတာတွေရှိတယ်လို့သိရပါတယ်။

ဒီကနေ့ မတ်လ ၇ ရက်နေ့မနက်ပိုင်းမှာ မြစ်ကြီးနားဗန်းမော်ကားလမ်းပိုင်း ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်စစ်ကောင်စီတပ် စခန်းနဲ့ မိုးမောက်နယ်ထဲက နွမ်လန်း၊ ကုန်းလောဘက်က စစ်ကောင်စီတပ်စခန်းငယ်တွေကို KIA KPDF ပူးပေါင်းတပ် တွေက တစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲနဲ့နီးတဲ့ မိုးမောက်မြို့ပေါ်က ပြည်သူတွေဟာ ရိက္ခာ တွေပြေးဝယ်စုနေကြတယ်လို့ မိုးမောက်မြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ဒီလိုဖြစ်နေပြီဆိုတော့ ဆန်ဝယ်တဲ့လူကဝယ်ဆီဝယ်တဲ့လူကဝယ်အဲ့လိုပေါ့နော် ကြက်သွန်နီကြက်သွန်ဖြူပြေးဝယ်တဲ့လူကပြေးဝယ် ဒီနေ့တော့ မိုးမောက်စျေးထဲမှာလူတော်တော်များတယ် လူတော်တော်ကြပ်တယ်လို့ အသက် ၄၄ နှစ် အရွယ် ရှိအမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ မိုးမောက်နယ်ထဲကမိုးမောက်မြို့နဲ့နီးတဲ့ ဒါဆိုင်းနဲ့ ၁၇ မိုင်ဘက်တွေမှာ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် တိုက်ပွဲ ဖြစ်ပွားလာမှာစိုးရိမ်တဲ့အတွက် မိုးမောက်ပြည်သူအချို့ဟာ ထွက်ပြေးတိမ်းရှောင် တာတွေရှိနေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ကတော့ပုံမှန်အခြေအနေပဲ မိုးမောက်မြို့ကတော့နည်းနည်းနီးတယ်ဆိုတော့တချို့ တောင်ခြေဘက် လယ်တွေယာတွေ ရှိတဲ့ဘက်ကိုပြေးကြတယ် လုံခြုံမယ်ထင်တဲ့နေရာတွေကိုပေါ့တချို့ကျတော့ဗန်းမော်မြို့ ဘက်ကိုပြေးကြတာရှိတယ်တချို့တော့လည်း အိမ်မှာပဲနေမယ်ပေါ့တိုက်အိမ်မှာဗုံးခိုကျင်းတွေတူးပြီးနေမယ်ဆိုတဲ့ဟာလည်းရှိတယ်လို့ မိုးမောက်ဒေသခံတစ်ဦးကပြောပါတယ်။

အလားတူ KIAKPDF ဘက်ကလည်း မိုးမောက်ပြည်သူတွေအနေနဲ့ ဒီကနေ့ကနေစပြီး အတတ်နိုင်ဆုံးအိမ်ပြင်မထွက်ကြဖို့နဲ့ မြို့ပြင် ကိုမထွက်ကြဖို့ နှုတ်နဲ့အသိပေးပြောဆိုထားတာတွေလည်းရှိတယ်လို့သိရပါတယ်။

မိုးမောက်မြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီ တပ်ဘက်က စစ်ရေးလှုပ်ရှားနေတာတွေရှိသလို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေပြီးရင် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားလာမယ်ဆိုတဲ့သတင်းဟာမိုးမောက် ပြည်သူတွေကြား ဖေဖော်ဝါရီ လကုန်ပိုင်းကတည်းက ပျံ့နှံ့နေတာကြောင့် မိုးမောက်မြို့အနီးက မြို့သစ်၊ကုန်းလော၊ဒါဆိုင်း၊ပန်ချိုးဟိုင်၊စီဟဲ့၊နွမ်းလမ်းစတဲ့ကျေးရာနေပြည်သူတွေဟာမတ်လ ၁ ရက်နေ့ကတည်းကနေကြိုတင်တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။

မိုးမောက်မြို့နယ်ထဲမှာတော့ လက်ရှိစစ်ကောင်စီအထိုင်တပ်စခန်းတွေဟာ မြို့မော်မြို့အထိုင်တပ်၊ မြို့သစ်မြို့အထိုင်တပ်၊ မြို့သစ်အနီးက ဒေသအခေါ် တာဝါတိုင်ကုန်းတပ်စခန်း၊ ပန်ချိုးဟိုင်အကျေးရွာတပ်စခန်းစတဲ့တပ်စခန်းတွေရှိနေသေးတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button