လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လိုင်ဇာမှာ စစ်တပ်ကလေကြောင်းနဲ့ ဗုံးကျဲ၊ တရုတ်ဘက်ခြမ်းလည်း ကျရောက်ပေါက်ကွဲ

KIO ဌာနချုပ် လိုင်ဇာမြို့ထဲကို စစ်တပ်က မတ်လ ၈ ရက်၊ ဒီကနေ့ မနက်မှာ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ လိုင်ဇာအနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်တဲ့ တိုက်ပွဲမှာ စစ်တပ်က စခန်းဆုံးရှုံးခဲ့ရပြီးနောက် အခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့ လိုင်ဇာမြို့ခံတစ် ဦးကပြောပါတယ်။

” စစ်မြေပြင်မဟုတ်တဲ့ မြို့ထဲကိုကျဲနေတာ ပြည်သူတွေကို ပစ်မှတ်ထားနေတာဘဲ” လို့ ပြောပါတယ်။

မနေ့ညကနေ ဒီကနေ့ မနက်အထိ ဗုံးကျဲတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံဖက်ခြမ်းလည်း ဗုံး ၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ဝေကျိုင်ရပ်ကွက် နေအိမ်တစ်အိမ်မှာ ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ ဝန်းကျင်မိခင်တစ်ဦးအပါအဝင် ၁၀ နှစ်သား ကလေးငယ်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် မုန်လိုင်ခက်ဖက်မှာလည်း အရပ်သားတစ်ဦး လက်နက်ကြီးကြောင့် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လ ၃ ရက်နေ့ကစပြီး လိုင်ဇာမြို့ နမ့်ဆန်ယန်ဘက်ကို တိုက်ပွဲစတင်လာချိန်ကတည်းက လိုင်ဇာမြို့အနီးမှာရှိတဲ့ စစ်တပ်ကောင်စီတပ်ရဲ့ ဖွန်းပရန်ဘွမ် (Hpunpyen Bum) နဲ့ ခယာဘွမ် (Hkaya Bum) ဘက်ကနေ လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ အများအပြားရှိခဲ့ပါတယ်။

ဒါပေမယ့် မနေ့ကစပြီး လိုင်ဇာဘက်ကို လက်နက်ကြီး ပစ်နေတဲ့ တပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက် စစ်တပ်ဖက်က လေကြောင်းနဲ့ တိုက်ခိုက်လာတာဖြစ်တယ်လို့ နောက်ထပ် လိုင်ဇာဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။

“ခါတိုင်းပစ်နေတဲ့ ခယာဘွမ်၊ ဖွန်ပရန်ဘွမ်က ခုသိမ်းခံနေရတာဆိုတော့ မပစ်နိုင်တော့ဘူး အဲကြောင့်လေယာဉ်နဲ့ တောက်လျှောက်လာပစ်နေတာ ဘယ်နားတွေ ကျသလဲသေချာထွက်မကြည့်ရဲ။ တစ်ညလုံး တစ်မနက်လုံး အသံတွေကြားနေရတယ်” လို့ ပြောပါတယ်။

အလားတူဘဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း စစ်တပ် ဖွန်းပရန်ဘွမ်၊ ခယာဘွမ်ကနေ လက်နက်ကြီးပစ်ခတ်တာကြောင့် တရုတ်ဘက်ခြမ်းကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား ၂ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

မတ်လ ၇ ရက်နေ့ မနေ့က စစ်ဆင်ရေးမှာတော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသေဆုံးတဲ့အပြင် လိုင်ဇာမြို့အနီးမှာရှိတဲ့ ဖွန်ပရန်ဘွမ်အပါအဝင် ရှေ့တန်းစခန်းငယ်တွေကိုလည်း KIA ဘက်က သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။

တိုက်ပွဲဟာ ဒီကနေ့ မနက်ထိ ပြင်းထန်နေဆဲဖြစ်သလို စစ်တပ်ဘက်က ထိခိုက်သေဆုံးများတယ်လို့ သိရပြီး KIA ပူးပေါင်းတပ်တွေ ဘက်ကလည်း ၅ ဦး သေဆုံးတယ်လို့ သိရပါတယ်။

မတ်လ ၈ ရက်နေ့ မနက်ပိုင်းအထိ လိုင်ဇာမြို့ပေါ်မှာ လေယာဉ်တွေ ဝဲနေတယ်လို့လည်း လိုင်ဇာမြို့မှာနေထိုင်သူတွေက ပြောပါတယ်။

Show More

Related Articles

Back to top button