တိုက်ပွဲသတင်း

ဆွမ်ပရာဘွမ့်မြို့တွင်းတပ်အပါအဝင် တပ်စခန်း ၃ နေရာကို KIA တပြိုင်နက် KIA ဝင်ရောက်တိုက်ခိုက်

ဒိန်ဝါရွမ် (Ding Wa Rum) တပ်စခန်းတစ်ခု သိမ်းပိုက်နိုင်

ဆွမ်ပရာဘွမ် – ကချင်ပြည်နယ် ဆွမ်ပရာဘွမ့် (Sumpra Bum) မြို့တွင်းအခြေစိုက် ခလရ ၄၆ တပ်ရင်းအပါအဝင် ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်ရင်းမဟာ ၁ ၊ တပ်ရင်း ၇ တို့က မနေ့က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

ဆွမ်ပရာဘွမ့် မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်း၊ ရဲစခန်းအပြင် ဆွမ်ပရာဘွမ့်မြို့နယ်ထဲက မလိယာန်ကျေးရွာအနီးတဝိုက်ရှိ တပ်စခန်း ၃ ခုကို မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်လောက်ကနေ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆွမ်ပရာဘွမ့် ဒေသခံအမျိုးသားတစ်ယောက်က KNG ကို အတည်ပြုပြောဆိုပါတယ်။

တိုက်ပွဲဖြစ်တာက မြို့ပေါ်ထဲမှာကော မလိယာန်လမ်းတစ်ကြောမှာ ဖြစ်နေတယ်။ မလိခမြစ်တစ်ကြော အနီးတဝိုက်မှာ စစ်တပ်စခန်း ၃ ခုရှိတဲ့ ထဲကနေ ဒိန်ဝါရွမ် (Ding Wa Rum) စခန်းကသိမ်းနိုင်ပြီလို့ သိရတယ်။ ကျန် မလိခ မြစ်နဘေးမှာရှိတဲ့ တပ်စခန်း ၂ ခုကမရသေးဘူး။ ပြီးရင် မြို့တွင်းမှာလည်း တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ ပြောပါတယ်။

မလိယာန်အနီးတဝိုက် ဆွမ်ပရာဘွမ့်မြို့နဲ့ ၅ မိုင်အကွာလောက်မှာရှိတဲ့ ဒိန်ဝါရွမ်(Ding Wa Rum) တပ်စခန်းကို KIA တပ်ဖွဲ့တွေက မတ်လ ၈ ရက် ည ၁၁ နာရီလောက်မှာ သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့သူက ဆက်ဆိုပါတယ်။

ဒ့ါအပြင် ဆွမ်ပရာဘွမ့်မြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ရင်း နေရာမှာလည်း ဒီကနေ့ မနက်အထိ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။

မြို့တွင်းတပ်မှာက တိုက်ပွဲဖြစ်နေသေးတယ် အသေးစိတ်သိဖို့ ခက်နေသေးတယ်။ မနေ့ကတော့ ရဲစတပ်ဖွဲ့တစ်ချို့ လက်နက်ချပြီးတော့ KIA တပ်ထဲကို ဝင်ရောက်သွားကြတယ်လို့သိရတယ်။ မြို့ထဲမှာရှိတဲ့ သူတွေလည်း အကုန်ထွက်ပြေးသွားကြပြီ ဘယ်သူမှမရှိတော့ဘူး အဲ့ကြောင့် ဘာတွေဖြစ်နေလဲသိဖို့ခက်တာလို့ပြောပါတယ်။

မတ်လ ၈ ရက်နေ့ ဆွမ်ပရာဘွမ့်မြို့တွင်း တပ်ရင်းနဲ့ ရဲစခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ချိန်မှာ ရဲတပ်ဖွဲ့တစ်ချို့လက်နက်ချခဲ့တယ်လို့ သိရပေမယ့် KNG က အတည်ပြုနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ ဆွမ်ပရာဘွမ့်ဒေသမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ မြို့တွင်းစစ်တပ်ရဲ့ ဌာနဆိုင်ရာ ရုံးစိုက်တဲ့ မြို့တွင်းတပ်ပါ တိုက်ခိုက်ခံနေရတဲ့အပြင် ခလရ ၄၆ တပ်ရင်းက  ပူတာအိုအခြေစိုက် တပ်ရင်းလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိတိုက်ခိုက်ခံနေရတဲ့ ခလရ ၄၆ တပ်ရင်းနဲ့ ကျန်တပ်စခန်းတွေဟာ ဆွမ်ပရာဘွမ့်ဒေသအတွက်သာမက ပူတာအိုဒေသအတွက်ပါ စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။

အခုလို ဆွမ်ပရာဘွမ့်ဒေသမှာ မြို့ပေါ်တိုက်ပွဲအထိဖြစ်ပွားနေတာကြောင့် မြို့တွင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ အားလုံးက ဆွမ်ပရာဘွမ့်အနီးတဝိုက်ကျေးရွာတစ်ချို့နဲ့ မြစ်ကြီးနားဘက်ကို မတ်လ ၈ ရက်နေ့ ကနေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

KIA ဘက်ကလည်း လက်ရှိတိုက်ခိုက်နေတဲ့ တပ်စခန်းနေရာတွေကို ရရှိအောင် ကြိုးစားနေတာကြောင့် တိုက်ပွဲကာလ ဘယ်လောက်အထိ ကြာမြင်သွားနိုင်မလဲဆိုတာကို ဒေသခံတွေက ဝေခွဲမရ ဖြစ်နေကြပါတယ်။

မတ်လ ၇ နေ့စကနေ စပြီး ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ကချင်လွတ်လပ်ရေးတပ်တော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် မြစ်ကြီးနားဗန်းမောလမ်း တစ်လျှောက်တိုက်ပွဲဖော်ဆောင်လိုက်တာ ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button