သတင်း

တာမခံတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးရမိ

တပ်စခန်းအပါ ကျေးရွာတစ်ခုလုံးကို KIA ထိန်းချုပ်ထား

၁၀ ရက်ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့် တာမခံကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကနေ သေဆုံးသူ ၇၀ ခန့်အထိရှိခဲ့ပြီးတော့ ဖမ်းဆီးရမိသူ ၂၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

တာမခံတိုက်ပွဲမှာက စစ်ကောင်စီသား အယောက် ၂၀ လောက်ကို KIA က ဖမ်းဆီးနိုင်ခဲ့တယ်။ ကျန်တဲ့ သူတွေကတော့ တောင်းပန်တာတွေရှိတဲ့အတွက် တပ်စခန်းကနေထွက်ခွာခိုင်းလိုက်တယ်။ ထွက်ခွာသွားတဲ့ တပ်သားတွေက ကသိုဏ်းတောင်တပ်ခန်းမှာသွားပေါင်းသွားကြပြီ။ တာမခံတပ်စခန်းက အကုန်ရှင်းလိုက်ပါပြီလို့ ရှေ့တန်း KIA သတင်းအရင်းအမြစ်တစ်ယောက်က KNG ကိုပြောပါတယ်။

တာမခံတပ်စခန်းအတွင်း မြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ

လက်ရှိ တာမခံတပ်စခန်းအပြင် ကျေးရွာကိုပါ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်ထားနိုင်ပြီး မတ်လ ၁၀ နေ့မှာ တပ်စခန်းကို KIA ဘက်က နယ်မြေရှင်းလင်းလုပ်ဆောင်ခဲ့တာကြောင့် လက်နက်ပစ္စည်းအများအပြား သိမ်းဆည်းရယူခဲ့တယ်လို့ ဆက်ဆိုပါတယ်။

တိုက်ပွဲမှာ စစ်တပ်ရဲ့ လက်နက်ပစ္စည်းတွေဖြစ်တဲ့ ၆၀ မမ တစ်လက်၊ ၈၀ မမ တစ်လက်၊ လေယာဉ်ပစ်သေနတ်အကြီး ပွိုင့် ၅ တစ်လက်၊ လက်နက်ငယ် ၄၀ ကျော်နဲ့ ကျည်တောင့် ၅၀၀၀ ခန့် သိမ်းဆည်းရမိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါတယ်။

တာမခံတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ ရက်လောက်အကြာ စစ်ကောင်စီတပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တာမခံတပ်စခန်းကို KIA သိမ်းပိုက်လိုက်တဲ့အခြေအနေ

မတ်လ ၉ ရက်နေ့မှာ ပိတ်ဆို့တိုက်ခိုက်ခံရတာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်အင်အားနည်းပါးသွားတဲပြင် အစာပြတ်လပ်သွားပြီး တပ်သား ၇၇ ယောက်က တပ်စခန်းအတွင်းမှ ထွက်ခွာသွားကြတာဖြစ်တယ်လို့ နောက်ထပ် KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က အခုလိုပြောဆိုလာပါတယ်။

စစ်တပ်က အတော်လေးအထိနာသွားတယ်။ လက်နက်အင်အားနည်းသွားသလို လူအင်အားလည်း နည်းသွားတယ်။ အစားအသောက်ပြတ်သွားတယ်။ ပိုဆိုးတာက ရေပြတ်သွားတယ်။ ပြီးရင် သူတို့ကိုလာကယ်တဲ့ စစ်ကြောင်း တစ်ကြောင်းလုံးလည်းပြတ်သွားတယ်လို့ပြောပါတယ်။

တာမခံတိုက်ပွဲမှာ စစ်တပ်ဘက်ကနေ အထိနာပြီး စစ်အင်အားနည်းသွားတဲ့အတွက် မတ်လ ၆ ရက်နေ့မှာ စစ်ရဟတ်ယာဉ် ၃ စီးနဲ့ စစ်အင်အားလာရောက်ပို့ချခဲ့ပေမယ့်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တာမခံတပ်စခန်း နေရာဘက်ကို မရောက်နိုင်ဘဲ ကသိုဏ်းတောင်အဆင်းတာဝါတိုင်အနီးမှာ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့သလို စစ်ကြောင်းဆုတ်ခွာခဲ့ရပါတယ်။

ဒါ့အပြင် မတ်လ ၃ ရက်နေ့မှာလည်း ဖားကန့်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကြောင်း ခလရ ၄၂၊ ခလရ ၁၂၊ ခလရ ၇၆ ပူးပေါင်းတပ်တွေက တာမခံကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အချိန် KIA က မတ်လ ၄ ရက်နေမှာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းတစ်ကြောင်းလုံးနီးပါး သေဆုံးမှုရှိခဲ့ပါတယ်။

ဒါ့ကြောင့် တာမခံတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာလို့မရအောင် မြေပြင်KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတဲ့အပြင် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများပြားခဲ့အတွက် တပ်စခန်းဆုတ်ခွာသွားတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ KIA ပူးပေါင်းတပ်တွေက တာမခံ ရဲစခန်းအပါ တပ်စခန်းနဲ့ ကျေးရွာအတွင်းအပြင်အားလုံးကို ထိန်းချုပ်ထားတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပြပါတယ်။

တာမခံတိုက်ပွဲမှာ လက်နက်ချပြီး ဆုတ်ခွာသွားကြတဲ့ စစ်ကောင်စီတပ် ၇၇ ယောက်လောက်ဟာ ကသိုဏ်းတောင်တပ်စခန်းမှ ဖားကန့် ဆိုင်းတောင်ဘက်ကို မတ်လ ၁၁ ရက်နေ့  ဒီကနေ့ မနက်ပိုင်း ၃ နာရီလောက်မှာ မှော်လကင်(Maw La Kyin)ဘက်ကို ပြန်လည်ထွက်ခွာလာခဲ့ရာမှာ ကောင်ဆန်ရွာ အနီးတဝိုက် KIA ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တာမခံ တပ်စခန်းဟာ ဖားကန့်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ချင်းတွင်းမြစ်တစ်လျှောက် အဓိက ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး စစ်ရေးအရအလွန်အရေးပါတဲ့ ဗျူဟာမြေက်တပ်စခန်းအကြီးတစ်ခုဖြစ်သလို စစ်အင်အား ၃၀ ၊ ၄၀ ကြား နဲ့ တပ်ချထားတဲ့ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ တပ်စခန်းကို လက်မလွတ်ရေးအတွက် တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်းကစပြီး နေ့စဉ်အဆက်ပြတ် လေကြောင်းဗုံးကျဲတိုက်ခိုက်တာတွေတာမခံရွာအတွင်းမှာရှိတဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

တာမခံဒေသမှာ တိုက်ပွဲကြောင့် ဒေသခံ ၅၀၀၀ ဝန်းကျင်လောက်က တာမခံ ဟောင်ပါးအုပ်စုထဲမှာရှိတဲ့ ကျေးရွာတစ်ချို့နဲ့ ဖားကန့်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီးတော့ တိုက်ပွဲငြိမ်းသွားတာ ၂ မြောက်တဲ့အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ဖားကန့် ဒေသမှာရှိတဲ့ ဝှေခါ၊ နမ်တိန့်နဲ့ တာမခံတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဖားကန့်ဒေသရဲ့ စစ်ရေးဗျူဟာအရ စစ်တပ်အတွက်အရေးကြီးတဲ့ ဝှေခါ၊ နမ်တိန့်နဲ့တာမခံတပ်စခန်း ၃ နေရာကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

ဒါကြောင့် ဖားကန့်ဒေသမှာ စစ်တပ်က နှစ်ရှည်သက်တမ်းအကြာ တပ်ချထားတဲ့ တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်ယူနေတာဖြစ်ပြီး နောက်ထပ် စစ်တပ်အတွက် အရေးကြီးတဲ့ နန့်ယားတပ်စခန်း၊ ဖားကန့်ဗျူဟာကုန်းနဲ့ ကံဆီးတပ်စခန်းတွေသာကျန်ရှိနေပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button