တိုက်ပွဲသတင်း

မိုးမောက်နယ် ဒါဆိုင်း(Dasai) တပ်စခန်းကို KIA က သိမ်းပိုက်နိုင်

စစ်တပ်ဘက်က အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နောင်လိုက်ကျေးရွာအနီးမှာရှိတဲ့ ဒါဆိုင်း(Dasai Dap) စစ်ကောင်စီတပ်ရဲ့ ခလရ ၂၃၇ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ မတ်လ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းက အပြီးသတ်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်ကလည်း အဆက်မပြတ် လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရှိရပါတယ်။

ဒါဆိုင်းစစ်ကောင်စီတပ်စခန်းနေရာကို မတ်လ ၇ ရက်နေ့ ကစပြီး KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၁ ပတ်အကြာမှာ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က KNG ကိုပြောပါတယ်။

သိမ်းလိုက်တာက ဒီမနက်ပိုင်း ၇ နာရီလောက်အချိန်မှာသိမ်းလိုက်တာလို့ပြောပါတယ်။ ဒါပေမယ့် လေကြောင်းနဲ့ကော ဗန်းမော်နဲ့ ကုန်းလော၊ မြို့သစ် ကျန်ရှိနေတဲ့ တပ်စခန်းနေရာတွေကနေ လက်နက်ကြီးတွေ ဝိုင်းပစ်နေကြတယ်။ စစ်လေယာဉ်တွေက တပြိုင်နက် ၂ စီး ၃ စီးနဲ့ လာပစ်နေတယ်။ ဒါပေမယ့် စခန်းကိုတော့ KIA တပ်တွေ ဝင်သိမ်းထားပြီလို့ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတင် ကင်းထောက်လေယာဉ် ၂ စီးနဲ့ အပါ ဂျက်လေယာဉ် ၂ စီးက ၂ ကြိမ်မြောက် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမှာ တစ်မနက်လုံးလာပစ်နေပြီး ၁၁ နာရီလောက်နောက်ပိုင်း ခဏပြန်ငြိမ်သွားတယ်လို့ သူကဆက်ဆိုပါတယ်။

လက်ရှိမှာ KIA ပူးပေါင်းတပ်တွေကာ လေကြောင်းအကာအကွယ်ယူထားပြီး တပ်စခန်းအတွင်း ရှင်းလင်းရေးလုပ်ဆောင်နေတာကြောင့် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရယူနိုင်တဲ့ အချက်အလက်ကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

ဒါဆိုင်းတပ်စခန်းကို တိုက်ပွဲဖြစ်ပွားနေတဲ့ တစ်ပတ်အတွင်းမှာ KIA ပူးပေါင်းတပ်တွေက တပ်စခန်းကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ထားတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာပဲ တပ်စခန်းအထဲဝင်ရောက်နိုင် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါဆိုင်း စစ်တပ်စခန်းဟာ နောင်လိုက်နဲ့ တာပိန်မြစ်တံတား ၂ခုကြား တစ်မိုင်လောက်အကွာမှာရှိတဲ့ တပ်ချထားတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်ပြီး စစ်အင်အား ၁၀၀ ကျော်ခန့်နဲ့ ၂၀၀၅ နဲ့ ၂၀၀၆ ဝန်းကျင်မှာ လာရောက်တပ်ချ နေရာယူထားတဲ့ စစ်တပ်ရဲ့ ဆယ်စုနှစ်တစ်ခုအကြာ သက်တမ်းရှည်တစ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဒါဆိုင်းတပ်စခန်းဟာ ဧက တစ်ထောင် ဝန်းကျင်လောက် ကျယ်ဝန်းတဲ့ တပ်စခန်းဖြစ်ပြီးတော့ ဒါဆိုင်းကျေးရွာရဲ့ အနောက်ဘက်ခြမ်း ကိုက် ၂၀၀ ဝန်းကျင်အကွာမှာရှိတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒါဆိုင်းစစ်တပ်နေရာဟာ KIO လိုင်ဇာဌာနကိုသွားတဲ့ ဗန်းမော်အထက် ကားလမ်းပိုင်းမှာ တည်ရှိတဲ့ စစ်တပ်တစ်ခုဖြစ်သလို အဲဒီနေရာကနေ KIA တပ်ရင်း () နဲ့ တပ်ရင်း () နေရာကို အဓိက ချုပ်ကိုင်ထားတဲ့ တပ်နေရာလည်းဖြစ်ပါတယ်။

ဒါဆိုင်းကျေးရွာဟာ မြစ်ကြီးနားဗန်းမော်လမ်းမပေါ် နွမ်လန့်၊ မြို့သစ်၊ ကုန်းလော စတဲ့ ကျေးရွာတွေနဲ့ တစ်ဆက်တည်းရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ကစပြီး ဒေါ့ဖုန်းယန်အပါ KIO လိုင်ဇာအနီးတဝိုက် စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာ တစ်ပတ်လောက်ကြာမြင့်လာပြီး လက်ရှိမှာ KIO လိုင်ဇာတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့ စခန်းအကြီးအငယ် စုစုပေါင်း ၂၀ လောက်ကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူးက KNG ကိုပြောဆိုထားပါတယ်။

လက်ရှိမှာ လိုင်ဇာအနီးတဝိုက်မှာ စစ်တပ်ရဲ့ အကြီးဆုံးတပ်စခန်းတွေဖြစ်တဲ့ ဘွမ့်ရေဘွမ်နဲ့ တစ်စခန်းတစ်ချို့သာ ကျန်ရှိနေပြီး အဲဒီကျန်ရှိနေတဲ့ တပ်စခန်းနေရာတွေမှာ ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း တပ်စခန်းမလွတ်ရလေအောင် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button