တိုက်ပွဲသတင်း

ဆိုင်းတောင်ရဲစခန်းတပ်ဆုတ်ခွာ ကျန်နေတဲ့စစ်တပ်စခန်းတစ်ခုလုံး KIA ပိတ်ဆို့ပြီး လက်နက်ချဖို့သတိပေးနေ

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာရှိတဲ့ ရဲစခန်းနဲ့တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တို့မနေ့ညကတည်း ထိုးစစ်ဆင်နေတာကြောင့် ရဲစခန်းက ရဲအားလုံး တပ်ဆုတ်သွားပြီဖြစ်ပေမယ့် တပ်စခန်းကိုတော့ ဝန်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ KPDF တပ်ကနေ သိရပါတယ်။

မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီကတည်းကနေ KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ရွာထဲဝင်ရောက်ပြီးထိုးစစ်ဆင်လာချိန် ရဲစခန်းမှာနေထိုင်စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီးလို့သိရပြီး တပ်စခန်းကိုတော့စစ်ကောင်စီတပ်တွေကို လက်နက်ချအညံ့ခံဖို့ ဆော်ဩသတိပေးနေတယ်လို့ KPDF တာဝန်ရှိသူတစ်ဦးကခုလိုပြောပါတယ်

“ခုအော်နေတာ လက်နက်ချဖို့ ရဲစခန်းကဟာတွေကတော့ မနေ့ည ၉နာရီမှာ မတိုက်လိုက်ရဘဲ အားလုံးဆုတ်သွားပြီ ခုက တပ်စခန်းကျန်နေတာ လောလောဆယ်အနေထားကတော့ အားလုံးပိတ်ဆို့ထားတယ် လက်နက်ချဖို့ မိုက်တွေနဲ့ သတိပေးနေအော်နေတာ ညနေအထိ လက်နက်မချရင်တော့ တစ်မျိုးတစ်ဖုံပြောင်းသွားလိမ့်မယ်”လို့ ပြောပါတယ်။

အဲဒီဆိုင်းတောင်တပ်စခန်းဟာ တပ်မ ၃၃လက်အောက်ခံတပ်တွေအထိုင်ချထားတဲ့ တပ်ဖြစ်ပြီး စစ်အင်အား ၂၀ ဝန်းကျင်သာရှိတဲ့အပြင် လက်ရှိ KIA၊KPDF ပူးပေါင်းတပ်တွေက ရွာအဝင်အထွက်အားလုံးပိတ်ဆို့ပြီး  စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ ဆက်တိုက် သတိပေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိချိန်ထိ လက်နက်ချတာမရှိသေးဘဲ ဆက်ပြီးခေါင်းမာတင်းခံနေပါက နောက်ဆက်တွဲအနေနဲ့ လက်နက်နဲ့ဖြေရှင်းသွားမယ့်အခြေနေမှာရှိတယ်လို့ သူကဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်တာတော့ မရှိသေးပါဘူး ဖမ်းဆီးရမိတာလည်း မရှိသေးဘူး ရဲစခန်းကသူတို့ဖာသာဆုတ်သွားတာဆိုတော့လေ ခုပိတ်ဆို့ထားတဲ့စခန်းက အင်အားက ၁၅ အလွန်ဆုံး ၂၀ ပေါ့ အဲဒါခုထိလက်နက်မချသေးဘူး။ အနီးပတ်ဝန်းကျင်က ရွာသားတွေကိုတော့ ပြောင်းရွှေ့ပေးထားပါပြီ” လို့ KPDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိ ရွာထဲ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတစ်ချို့ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေရှိသလို KIA၊PDF  ပူးပေါင်းတပ်တွေဘက်က ပြောင်းရွှေ့ပေးထားတာလို့လည်း သိရပါတယ်။ ဆိုင်းတောင်ကျးရွာဟာ ဖားကန့်မြို့ကနေ နာရီဝက်ခန့်အကြာသွားရတဲ့နေရာမှာရှိတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဆိုင်းတော်ရဲစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညမှာလည်း တိုက်ခိုက်ခံရတာရှိခဲ့ပါတယ်။ ဖားကန့်မှာ ဒီနှစ် နှစ်ဆန်းပိုင်းကနေစပြီး KIA၊KPDF ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲဆက်တိုက်ဆင်နွှဲနေတာ ခုဆိုရင် အထိုင်တပ်စခန်းတွေဖြစ်တဲ့ နမ့်တိန်း၊ဝှေခါ၊တာမခံ၊နမ့်မော်၊ကသိုဏ်းတောင်တပ်စခန်း စုစုပေါင် ၅ နေရာကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button