သတင်း

စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် အွန်လိုင်းကနေ လေယာဉ်လက်မှတ်လိမ်လည်ရောင်းချသူများလာ

စစ်မှုထမ်းဥပဒေထုတ်ပြန်ကြေငြာလိုက်တဲ့နောက် လေယာဉ်လက်မှတ်တွေကို အွန်လိုင်းကတစ်ဆင့်လိမ်လည်ရောင်းချသူတွေ သိသိသာသာများလာနေတယ်လို့ မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။

အခုဒီ နောက်ပိုင်းဆို မြစ်ကြီးနားမှာတွေရောဘဲ အလိမ်ခံရတဲ့သူတွေအရမ်းရှိနေပြီ၊ လေယာဉ်လက်မှတ် လိမ်ရောင်းတာတွေပေါ့။  အခုလို လေယာဉ်လက်မှတ်ဝယ်ရခက်နေတဲ့ချိန်၊ လိမ်ရောင်းတဲ့သူတွေ အရမ်းကိုများလာတယ်၊ အွန်လိုင်းကနေ ဝယ်တဲ့သူတွေများတော့လေလို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အသက် ၁၈ ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ကြေညာလိုက်ချိန်ကစပြီး စစ်ကောင်စီတပ်တွေဟာ ကားလမ်းပိုင်းနဲ့ခရီးသွားသူတွေကိုစစ်ဆေးတင်းကြပ်လာတာကြောင့် လေကြောင်းကို အဓိကပြုလာကြတာဖြစ်ပါတယ်။

ခုလို ပြည်သူတွေအနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားဖို့လေကြောင်းလိုင်းကိုသာ အသုံးပြုတာများလာနေချိန် တစ်ဖက်မှာလည်း လက်မှတ်အရောင်း လိမ်လည်သူတွေလည်း  ပိုပြီး သိသိသာသာလာနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းလိမ်လည်သူတွေဟာ လေယာဉ်လက်မှတ်အရောင်းဌာန၊ ခရီးသွားလုပ်ငန်းတွေရဲ့ နေရပ်လိပ်စာ အသုံးပြုလုပ်ကိုင်နေတဲ့အတွက် အလိမ်ခံခဲ့ရသူတွေ လာပြောတာတွေကိုလည်း မကြာခန ကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။

သူတို့က လိပ်စာတွေကိုကျတော့ အပြင်မှာတကယ်ရှိတဲ့ အရောင်းဌာနတွေရဲ့ ဟာတွေနဲ့ လုပ်စားနေကြတာလေ၊ အဲ့တာကြောင့် လိမ်ခံရတဲ့သူတွေက အဲ့ဒီလိပ်စာအတိုင်းပြန်လိုက်လာပြီး လာပြောတာပေါ့၊ အဲ့လိုချိန်ဆိုသေချာပြန်ရှင်းပြရတာပေါ့၊ ကျွန်တော်တို့အဲ့လိုကြုံရတာ ၁၀ ခါမကတော့ဘူး၊ တစ်ခြားအရောင်းဌာနတွေဆိုရင်လည်း ဒီထက်များရင်များမှာလို့ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း အလိမ်မခံရအောင် လေယာဉ်လက်မှတ်ရောင်းတဲ့နေရာမှာ လူကိုယ်တိုင်သွားရောက် ဝယ်ယူတာအကောင်းဆုံးဖြစ်ပြီး အွန်လိုင်းက ဝယ်ယူမယ်ဆိုရင်လည်း သေချာစစ်ဆေးမေးမြန်းပြီးမှ ဝယ်ယူသင့်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ စစ်ရေးအခြေအနေအမျိုးမျိုးကြောင့်မြစ်ကြီးနားလေဆိပ် လေယာဉ်အဝင်အထွက်ကို ပိတ်ထားလိုက်ပြီး မတ်လ ၁၀ ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။

အလားတူ ဗန်းမော်မြို့လေဆိပ်ကိုလည်း တိုက်ပွဲအခြေအနေတွေကြောင့် ရက်အကန့်အသတ်မရှိပိတ်ထားရာကနေ မနေ့ကစပြီး လေဆိပ်ကို ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

လက်ရှိမြစ်ကြီးနားလေဆိပ်မှာ မြန်မာ့အမျိုးသားလေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်း ကပုံမှန်ပြေးဆွဲနေတာဖြစ်ပြီး မန်းရတနာပုံလေကြောင်းလိုင်းကတော့တစ်ခါတလေမှပြေးဆွဲတယ်လို့ သိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button