သတင်း

အောင်မြေ  ၁ နဲ့ အောင်မြေ ၂ ရွာပြည်သူတွေရဲ့နေအိမ် စစ်ကောင်စီတပ်များ ဖောက်ထွင်းပြီးရိက္ခာပစ္စည်းသယ်ယူ‌နေ

ဝိုင်းမော်မြို့နယ် အောင်မြေ ( ) ၊ အောင်မြေ ၂ ကျေးရွာတွေမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်တွေဟာ  စစ်ဘေးရှောင်ပြည်သူတွေရဲ့နေအိမ် ဖောက်ထွင်းပြီး ရိက္ခာပစ္စည်းတွေ သယ်ယူတာတွေလုပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။

တိုက်ပွဲကြောင့် တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အောင်မြေ ( ) နဲ့ အောင်မြေ () ကျေးရွာတွေမှာ စစ်တပ်က နေအိမ်၊‌ ဈေးဆိုင်တွေကို ဖောက်ထွင်း‌မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်း၊ ရိက္ခာတွေ သယ်ယူနေတယ်လို့ ဆိုပါတယ်။

အခု အောင်မြေ ၁၊ အောင်မြေ ၂ ၊ ရွှေညောင်ပင်ရွာတွေမှာ ရွာသားတွေတစ်ယောက်မှမရှိတော့ဘူး။ အဲ့နေရာတစ်ကြောက စစ်တပ်က နေရာယူထားတယ်။ ရွာသားတွေရဲ့ ဆန်တွေကို ကားနဲ့သယ်ယူနေတယ်ဆိုတာ ကြားသိရတယ်။ ဘယ်သူ့ဟာ ဘယ်လောက်သယ်သွားတယ် အသေးစိတ်တော့မသိရဘူး။ အိမ်တွေ၊ စားသောက်ကုန်စျေးဆိုင်တွေက ပစ္စည်းတွေ သူတို့ကြိုက်သလို ယူစားနေတယ်လို့ ကြားတယ်လို့လက်ရှိ စစ်ရှောင်နေသူ အောင်မြေ ၁ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစလို့ အောင်မြေ ၁ နဲ့ ရွှေညောင်ပင်ကြားမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေအပါအဝင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံတွေအားလုံး ရွာလုံးကျွတ်စစ်ရှောင်နေရတာဖြစ်ပါတယ်။

အဲ့ဒီဒေသခံ စစ်ရှောင်ပြည်သူ ၁ ထောင်ကျော်ဟာ ဘေးလွတ်ရာတစ်နေရာဆီ တစ်ကွဲတစ်ပြားတိမ်းရှောင်နေကြရတာဖြစ်ပြီး ဒေသခံပြည်သူတစ်ချို့ကတော့ သက်ဆိုင်ရာအသင်းတော်တွေရဲ့ ကူညီကယ်ဆယ်မှုအောက် စန်းကားကျေးရွာနဲ့ နောင်းဟီးရွာတွေမှာ ခိုလှုံခဲ့ကြရတာဖြစ်ပါတယ်။

ဒါပေမယ့် စန်းကားနဲ့ နောင်းဟီးကျေးရွာတွေဟာလည်း တိုက်ပွဲနယ်မြေအတွင်းထဲမှာပဲ ရှိနေတာကြောင့် မတ်လ ၁၈ ရက် ဒီနေ့ကတော့ စန်းကားရွာအသင်းတော်ဝင်းထဲ ခိုလှုံနေသူ စစ်ရှောင် ၃၀၀ ကျော်ကို နောင်းချိန်းကျေးရွာဘက်ကို ထပ်မံပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။

လက်ရှိ နောင်းဟီးကျေးရွာမှာ စစ်ရှောင် ၁ ထောင်ဝန်းကျင် ဆက်လက်ရှိနေတာဖြစ်ပြီး ဒေသခံတစ်ချို့ကတော့ မိုင်းနားစစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

ဒီအောင်မြေ ၁ ၊ အောင်မြေ ၂ ကျေးရွာဒေသခံပြည်သူတွေဟာ စစ်ရှောင်အတွေ့အကြုံ မရှိဖူးတဲ့သူတွေဖြစ်တာကြောင့် ကိုယ်လွတ်ရုန်း စစ်ရှောင်ခဲ့ရတာတွေများတယ်လို့ ဆိုပါတယ်။

လက်ရှိ ကျန်ရစ်ထားခဲ့နေအိမ်တွေထဲ စစ်တပ်က ကြိုက်သလို ဝင်ရောက်မွေနှောက်ပြီး ပစ္စည်းတွေ ရယူ သယ်ယူနေတဲ့ သတင်းကြောင့် စစ်ရှောင်တွေဟာ တစ်ပူပေါ် နှစ်ပူဆင့် စိတ်ပူနေရတယ်လို့ ဆိုပါတယ်။

ဒီလိုစစ်တပ်ရဲ့ လုပ်ရပ်က အခုလိုစစ်ရှောင်နေရတဲ့ ကျနော်တို့အတွက် အင်မတန်မှ စိတ်သောကရောက်စေတယ်။ ဘာလို့ဆို ကိုယ်က ထွက်ပြေးတိမ်းရှောင်သွားပြီ။ နဂိုကတည်းကလည်း ကြိုတင်ပြင်ဆင်ပြီး ထွက်ပြေးခဲ့ကြတဲ့သူတွေမဟုတ်ဘူး။ ကိုယ် ကောက်မိကိုင်မိတာလောက်ပဲ ကိုင်ပြီးထွက်ပြေးခဲ့တာကြောင့် အဝတ်အစားနဲ့ စောင်တွေမပါတာတောင်ရှိတယ်။ အိမ်က အရေးကြီးတဲ့ ပစ္စည်းတွေ မပါသွားတာတွေ အများကြီးပဲ။ ဒါကြောင့် အခုလို စစ်ရှောင်နေချိန် နောက်ဆံမှာ စစ်တပ်က သယ်ယူတာတွေက အရမ်းစိတ်မကောင်းစရာ၊ ဆုံးရှုံးစရာတွေဖြစ်နေတယ်ဟုသူကဆက်ပြောပါတယ်။

ဝိုင်းမော်မြို့အနီး အောင်မြေ ၁၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင်ကျေးရွာဒေသခံပြည်သူ ၁ ထောင်ကျော်ဟာ စစ်ပွဲကြား စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့် ရွာထဲ ၅ ရက်ခန့် ပိတ်မိခဲ့တာလည်း ဖြစ်ပါတယ်။

တချို့ကိုတော့ မတ်လ ၈ ရက်နေ့ကတည်းက သက်ဆိုင်ရာအသင်းတော်ဘက်က ကူညီကယ်ထုတ်နိုင်ခဲ့ပြီး အများပိုင်းကိုတော့ မတ်လ ၁၃ ရက်နေ့မှ သွားရောက်ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဝိုင်းမော်မြို့နယ် အောင်မြေ ၁ နဲ့ ရွှေညောင်ပင်တစ်ဝိုက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲအခြေအနေ ဆက်လက်တင်းမာနေပြီး ကျေးရွာတစ်ချို့လည်း ဘေးလွတ်ရာတွေ ဆက်လက်တိမ်းရှောင်နေသူတွေရှိပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button