လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မုံးကိုးမြို့မှာ MNDAA က လက်နက်ရမ်းသမ်းပစ်လို့ ဒေသခံပြည်သူတစ်ချို့ သေဆုံးတာတွေရှိနေ

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က စည်းကမ်းမဲ့လက်နက်ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ လက်နက်ထိမှန်သေဆုံးတဲ့ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်တပ်စခန်းဆိုပြီး အခိုင်အမာတပ်စခန်းချတာမျိုး မရှိသေးဘဲ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေအပြင် နေရာတိုင်းမှာ ပြန့်ကျဲပြီး နေထိုင်နေသလို သေနတ်ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်တယ်လို့ သိရပါတယ်။

ဒီအတိုင်း ရမ်းပစ်တယ်။ ကြက်ပစ်တယ်ဆိုပြီး ပစ်ခတ်တာတွေ၊ ပြီးတော့ အသက်မပြည့်တဲ့ကလေးတွေများတော့ ပိုဆိုးတာပေါ့။ ကိုးကန့်တပ်စခန်းဆိုပြီး အခိုင်အမာကမရှိ။ အရင် စစ်တပ်ရှိတုန်းကတော့ စစ်တပ်စခန်းဆိုပြီး နေရာတစ်ခုမှာပဲနေတယ်။ အခုက ချောင်တိုင်း၊ နေရာတိုင်း၊ အိမ်တိုင်းရှိတယ်။ လို့ မုံးကိုးမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA က သေနတ်ရမ်းသမ်းပစ်ခတ်တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီက မုံးကိုးမြို့ ခဆန်ရပ်ကွက်က အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင့် အခုလိုဆက်ပြောပါတယ်။

တနင်္ဂနွေ မနက် ၈ နာရီမှာ ဟုတ်တယ်။ အဲ့ဒီကလေးက သူ့ညီ၊ ညီမလေးတွေကို မနက် ထမင်းစားဖို့ လိုက်ခေါ်နေတဲ့အချိန် တစ်ခါတည်း အနောက်ကနေ ရင်တည့်တည့် ကျည်တစ်ခု လာထိမှန်ပြီး သေသွားတာ။ လာထိတော့ အဖေကိုခေါ်ပြီး ဆေးရုံကို ချက်ချင်းသွားပြီး ခွဲစိတ်စစ်ဆေးကြည့်တော့ ကိုးကန့်ရဲ့လက်နက်ကျည်ဖြစ်နေတယ်။ ကိုးကန့် MNDAA ရဲ့လက်နက်ကျည်ဖြစ်နေတော့ ကိုးကန့်ဘက်က မဆူညံနဲ့တော့ ငြိမ်ငြိမ်နေ။ ဒါမျိုးက တိတ်တိတ်လေး ထားလိုက်ရတဲ့ဟာမျိုး ဟုတ်တယ်ဆိုပြီး ပြောတာလို့သူမက ဆက်ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ကလေးဟာ ဦးလိုင်ချောက်ရဲ့သား အသက် ၁၃ နှစ်ရှိ မောင်လိုင်းဇော်ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်ကျည်ဟာ ဘယိနေရာကနေပစ်လာမှန်းမသိဘဲ နောက်ကျောဘက်ကနေ သေနတ်ကျည်လာထိမှန်တာကြောင့် ဆေးရုံမှာသွားစစ်ဆေးချိန် ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ကျည်ဆံဖြစ်နေပေမဲ့ ကိုးကန့်တပ်ဖွဲ့ဘက်က ရန်သူ့ကျည်ဆံဖြစ်ကြောင်းပြောဆိုခဲ့ပြီး ဒီလိုမျိုးကိစ္စကို တိတ်တိတ်လေးထားရတယ်ဆိုဆိုတာကြောင့် ဒေသခံတွေဟာ ဒီအတိုင်းနေလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်က ကိုးကန့်တပ်ဖွဲ့ MNDAA ကို ဖုန်းနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မှတ်တမ်းရိုက်ယူတာတွေအပြင် သတင်းဌာနတွေဆီ သတင်းပေးပို့သူကိုလည်းအရေးယူ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး MNDAA ဘက်က မုံးကိုးမြို့တာဝန်ရှိသူကို ကချင်သတင်းဌာန KNG ကနေကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ကိုးကန့် MNDAA တပ်ဖွဲ့က အခုလိုတွေ ပြုလုပ်နေတာကြောင့် အသက်မွေးဝမ်းကျောင်းအတွက် နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ပြည်သူတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

စိုးရိမ်ရတယ်လေ။ အိမ်တိုင်းက ကလေးတွေကို စစ်သားစုဆောင်းထားပြီး MNDAA အင်္ကျီကိုယ်စီဝတ်ထားပေးပြီး သေနတ်ပေးထားတာလေ။ ဆိုတော့ ကလေးတွေက အိမ်ပြန်ချင်တဲ့သူကပြန်၊ ကြက်လိုက်ပစ်တယ်ဆိုပြီး လိုက်ပစ်တာကတစ်ဖွဲ့၊ ဟိုသွားဒီသွားနဲ့ ရမ်းသန်းပစ်ခတ်တယ်လေ။ လျှောက်သွားပြီး လျှောက်ပစ်၊ နောက်မကြည့် ရှေ့မကြည့်နဲ့ပစ်တော့ အဲ့လို လူထိခိုက်တာတွေ ဖြစ်လာတယ်။ ဒါကြောင့် တပ်စခန်းဆိုပြီး အခိုင်အမာ ကောင်းကောင်းလုပ်လိုက်ပြီး အဲမှာပဲ စည်းကမ်းနဲ့ ခေါ်နေရင်ကတစ်မျိုး အဆင်ပြေအုံးမယ် လို့ မုံးကိုးဒေသခံအမျိုးသမီးကဆက်ပြောပါတယ်။

ဒေသခံတွေအနေနဲ့တော့ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က နေရာအတည်တကျ စခန်းချကာ စည်းကမ်း ဥပဒေနဲ့ စနစ်တကျ ထိန်းသိမ်းစေလိုတယ်လို့ တောင်းဆိုနေပါတယ်။

မုံးကိုးဒေသမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ကျေးရွာအတွင်း ဒေသခံပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးရိုက်နှက်တာတွေ၊ ပစ်ခတ်တာတွေကို ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ပုံမှန်လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မုံးကိုးဖောင်းဆိုင်ဒေသအားလုံးဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ကတိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်နေတဲ့နယ်မြေဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button