သတင်း

ကွတ်ခိုင်မှာရေရှားပါးမှုကြုံနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ လျှပ်စစ်မီးမရရှိ‌သေးတဲ့အပြင် စက်သုံးဆီဈေးနှုန်းမြှင့်တက်တာတွေကြောင့် ဒေသခံတွေ ရေရှားပါးတဲ့ပြဿနာနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ရေကို အဝီဇိတွင်းတွေကနေသာအဓိကရယူကြတာဖြစ်ပြီး ရေရဖို့အတွက် လျှပ်စစ်မီးကိုအဓိကအသုံးပြုရတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအစမှာပဲ လျှပ်စစ်မီးတွေ လုံးဝမရပဲပြတ်တောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

လျှပ်စစ်မီးမရတာပေါ့နော် စက်သုံးဆီကိုအဓိကထားပြီးတော့ မီးစက်နှိုးပြီးရေတင်ရတာကို လူတိုင်းကရေတင်ဖို့အတွက် ဆီဖိုးမတတ်နိုင်ကြတာပေါ့ စက်သုံးဆီစရိတ်ကလည်းကြီးလို့ပေါ့ရေခမ်းတာလည်းမဟုတ်ဘူး ကွတ်ခိုင်မှာက ၇၀ ရာခိုင်နှုန်းလောက်က အဝီဇိတွင်းကနေပဲ မော်တာနဲ့စုပ်သုံးတာပေါ့လို့ပြောပါတယ်။

ကွတ်ခိုင်မှာ လျှပ်စစ်မီးမရရှိတာဟာ ၅ လကြာမြှင့်လာပြီဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးမစတင်မှီ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီရဲ့ဆက်သွယ်ရေးတွေကိုဖြတ်တောက်ဖို့အတွက် လျှပ်စစ်မီး ပေးတဲ့နေရာကို ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ လမ်းပန်းဆက်သွယ်ရေးကြောင့် စက်သုံးဆီဈေးနှုန်းကလည်း ဆက်တိုက်မြှင့်တက်နေ ပြီး အသုံးများတဲ့ ၉၂ ဓာတ်ဆီအမျိုးအစားဟာ တစ်လီတာကို ၅၀၀၀ ဝန်းကျင်ရှိနေတယ်လို့ ဒေသခံ တွေကဆိုပါတယ်။

အခုလို ရေမရတာတွေကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် ကျန်းမာရေးပြဿနာတွေကို ဒေသခံ တွေစိုးရိမ်နေကြပြီး လက်ရှိတော့ ရေရဖို့အတွက် ငွေကြေးတတ်နိုင်တဲ့နေအိမ်တချို့က အကူအညီနဲ့ ရေသုံးစွဲနေရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ရေရှားပါးလို့ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အရေပြားရောဂါ၊ဝမ်းရောဂါတွေဖြစ်လာမယ် ဒါတွေက တော့ နောက်ဆက်တွဲပေါ့ လောလောဆယ်တော့မရှိသေးပေမဲ့ နောက်တော့ဖြစ်လာမှာပေါ့ စီးပွား ရေး လည်ပတ်နိုင်တဲ့သူတွေကတော့ ရေအလှူလုပ်ပေးတာပေါ့ အချိန်ပိုင်းနဲ့ပေါ့ ရေတင်ပေးတာ ပေါ့လို့ပြောပါတယ်။

ကွတ်ခိုင်မြို့ပေါ် ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၄ တို့ဟာ ရေမရတဲ့ပြဿနာကိုအဓိကရင်ဆိုင်နေကြရပြီး တစ်ခြားရပ်ကွက်တွေလည်း ရေမရတဲ့ပြဿနာရင်ဆိုင်နေကြလို့ အခက်တွေ့နေကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။

လက်ရှိမှာတော့ ကွတ်ခိုင်မြို့နယ်ကို တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာပဲ သိမ်းပိုက်ထိန်းချုပ်ထားကြပြီး လူမှုဝန်ဆောင်ရေးလုပ်ငန်းတွေနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေတဲ့မြို့ဖြစ်ပါတယ်။

ညီနောင်သုံးဖွဲ့က ၁ လ နီးပါးကြာ တိုက်ခိုက်ပြီးသိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ်ဟာ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ တွေ စစ်ရေးလှုပ်ရှားတဲ့မြို့လည်း ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button