သတင်း

ကွတ်ခိုင်မှာ မြေမြှုပ်မိုင်းနဲ့တိုက်ပွဲကျန်လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲကျန်လက်နက်ကြီးတွေနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေဆက်တိုက်မြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို မိုင်းနင်းမိတဲ့အရေအတွက်ဟာ ပိုပြီးမြှင့်တက်လာ နေပြီးတော့ နှစ်ပတ်အတွင်းသေဆုံးသူက ၂ ယောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူက ၁၀ ယောက်ဝန်းကျင်ရှိ တယ်လို့ အကူညီပေးရေးဆောင်ရွက်နေသူတစ်ယောက်ကပြောပါတယ်။

အဓိကက ကျေးလက်ကဒေသခံတွေ သစ်ခုတ်ဝါးခုတ်ပေါ့ ရွာကသူတွေပေါ့ မြို့ပေါ်ကဆိုလည်း အခြေခံလူတန်းစားတွေများတယ် မြို့အပြင်ရွာအစပ်တွေ၊ တောစပ်တောင်စပ်တွေက ထိခိုက်တာ များတယ်လို့ပြောပါတယ်။

လက်တလော မတ်လ ၂၃ ရက်နေ့ကဆိုရင် ရပ်ကွက် ၁ သာယာကုန်းရပ်ကွက်က စစ်တပ်နဲ့ကပ် လျှက်နေရာမှာ နွားသွားရှာရကနေ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက် ခြေကျင်း ဝတ်ကနေ ဖြတ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း ကွတ်ခိုင် တိုးဂိတ်အကျော် ခရစ်ယာန်သုဿန်အနီး လမ်းခင်း လုပ်သားတွေ မိုင်းနင်းမိပြီး ၁ ယောက်သေဆုံးခဲ့သလို ၅ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၁၂ ရက်နေ့တစ်ရက်တည်းမှာပဲ ကွတ်ခိုင် ပန်းဆေးရွာနဲ့ ရပ်ကွက် ၅ တို့မှာ မိုင်းနင်း မိတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး ဒေသခံ အမျိုးသမီးနဲ့အမျိုးသားတစ်ယောက် ခြေထောက်ဖြတ်ခဲ့ရပါသေး တယ်။

အခုလို မိုင်းနင်းမိတာ၊ လက်နက်ကြီးပေါက်ကွဲတာတွေမြင့်တက်လာတာကြောင့် အရပ်သားတွေ ဘက်က လက်ရှိ ကွတ်ခိုင်ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော် TNLA ဘက်ကို မိုင်းရှင်းလင်း ရေးတွေဆောင်ရွက်ပေးဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။

အရပ်သားတွေကတော့ မြေမြုပ်မိုင်းတွေရှင်းလင်းပေးဖို့ ကွတ်ခိုင်ရပ်ကွက်တွေ၊ရွာတွေနဲ့ ထိစပ် နေတဲ့ နေရာတွေမှာ ရှင်းလင်းပေးဖို့ တောင်းဆိုထားတာတော့ရှိတယ်လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

မြေမြုပ်မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးရေးလုပ်ငန်းတွေကိုလည်း မြေပြင်မှာလုပ်ဆောင်နေသူ တွေရှိနေပေမဲ့ မနိုင်နင်းတဲ့အခြေနေရှိသလို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ မြေမြုပ်မိုင်းနဲ့ တိုက်ပွဲကျန်လက်နက်ကြီးပေါက်ကွဲမှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ကနေ မတ်လ တတိယအပတ်အထိ စာရင်းတွေအရ အရပ်သားထိခိုက်သေဆုံးမှု ၃၀ ကျော်လောက် ရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေကဖော်ပြကြပါတယ်။

မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကလည်း အခြေခံလူတန်းစားတွေဖြစ်တဲ့အတွက် ဆေးကုသဖို့အတွက် အကူညီများစွာလိုအပ်နေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကွတ်ခိုင်မြို့နယ်ကို တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာပဲ သိမ်းပိုက်ထိန်းချုပ်ထားကြပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေတဲ့မြို့ဖြစ်ပါတယ်။

ညီနောင်သုံးဖွဲ့က ၁ လ နီးပါးကြာ တိုက်ခိုက်ပြီးသိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ်ဟာ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ တွေ စစ်ရေးလှုပ်ရှားတဲ့မြို့လည်း ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button