တိုက်ပွဲသတင်း

သက်တမ်းကြာ လွယ်ဂျယ် ယော်ယုံ(Yaw Yung)နဲ့ မဒါ(Mada) တပ်စခန်း ၂ခုကို KIA သိမ်းပိုက်

တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်(Loije)မြို့ကို ထိန်းချုပ်ထားတဲ့ ယော်ယုံဘွမ့် (Yaw Yung Bum) နဲ့ မဒါးဘွမ့် (Mada Bum) စစ်ကောင်စီတပ်စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၂၈ ရက်နေ့ ဒီကနေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

ဒီကနေ့ မနက်မှာတော့ လွယ်ဂျယ်မြို့အထက်က မဒါဘွမ့်(ဖလန်းဘွမ့်)ကို အရင်သိမ်းနိုင်တယ်။ အခု ၁၁ နာရီလောက်မှာက ယော်ယုံတပ်စခန်းထဲကို ဝင်ပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ် လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ယောက်က ပြောပါတယ်။

လွယ်ဂျယ်မြို့အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ နေရာကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၇ ရက်နေ့မှာ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့တစ်ရက်ထဲမှာ ယော်ယုံဘွမ်ရဲ့ ရှေ့တန်တပ်စခန်း ၃ နေရာလောက်ကို သိမ်းပိုက်ခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့ သိမ်းပိုက်ခဲ့တဲ့ စခန်းတွေကတော့ လော့မွန်(Law Mun)၊ ဘန်ယော်ဘွမ့် (Bang Yau Bum)၊ ရှန်းသိုင်ဘွမ့် (Shang Tai Bum) တို့ဖြစ်ပြီး ဒီကနေ့မှာတော့ တပ်စခန်းအကြီး ၂ ခုဖြစ်တဲ့ ယော်ယုံ နဲ့ မဒါးဘွမ့် ကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

မတ်လ ၂၇ ၊ ၂၈  နှစ်ရက်အတွင်းဖြစ်ပွားတဲ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး တပ်အတွင်းထဲက ထွက်ပြေးသွားကြသလို ဖမ်းဆီးရမိတဲ့ တပ်သားတွေရှိတယ်လို့ သိရပေမယ့် အသေးစိတ် စုံစမ်းနေဆဲဖြစ်ပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံပ ရှင်းလင်းနေတယ်လို့ KIA ရှေ့တန်းသတင်း အရင်းအမြစ်တွေက ပြောပါတယ်။

လွယ်ဂျယ်မြို့ကို အဓိက လုံခြုံရေးယူပေးနေတဲ့ ယော်ယုံတပ်စခန်း နဲ့ မဒါးဘွမ့် တပ်စခန်း ၂ ခုကို KIA က သိမ်းပိုက်လိုက်တဲ့အပေါ်မှာ လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ယောက်က အခုလိုသုံးသပ်ပြောဆိုလာပါတယ်။

အဓိက လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းအကြီး ဒီ ၂ ခုကို ရလိုက်ပြီဆိုရင် လွယ်ဂျယ်မြို့ကို ရလိုက်သလိုပဲ။ ဝင်ပြီး သိမ်းစရာတောင်မလိုတော့ဘူး။ ဒီတပ်စခန်း ၂ ခုက လွယ်ဂျယ်မှာအကြီးဆုံးတပ်စခန်းတွေဖြစ်တယ်။ အဲတော့ လွယ်ဂျယ်မြို့တွင်းမှာကျန်ရှိနေတဲ့ မြို့တွင်းတပ်ကိုလည်း ကာကွယ်ပေးမယ့်တပ်စခန်းမရှိတော့ဘူး။ သွားမပစ်ရင်တောင် သိမ်းထားပြီလို့ပြောလို့ရပြီ လို့ ပြောပါတယ်။

ယော်ယုံတပ် စခန်းနဲ့ မဒါးတပ်စခန်း ၂ ခုဟာ လွယ်ဂျယ်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တပ်စခန်းတွေဖြစ်သလို လွယ်ဂျယ်မြို့တွင်း စစ်တပ်စခန်းနဲ့ ရဲစခန်းတွေကိုပါ ကာကွယ်ပေးတပ်စခန်းတွေဖြစ်တာကြောင့် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံ သတင်းအရင်းအမြစ်တွေ ပြောဆိုချက်အရ ယော်ယုံတပ်စခန်းဟာ လွယ်ဂျယ်ဒေသအတွင်း လက်နက်ကြီး ပစ်ခတ်မှုအများဆုံးဖြစ်ပြီး တပ်အင်အားလည်း မဒါးတပ်စခန်းထက် ပိုမိုကြီးမားတယ်လို့ ပြောပါတယ်။

ယော်ယုံနဲ့ မဒါဘွမ့် တပ်စခန်းဟာ ၃ မိုင်အကွာလောက်သာရှိပြီး မဒါဘွမ့်စခန်းဟာ ဒုတိယအကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။

လွယ်ဂျယ်မြို့ဟာ KIA လိုင်ဇာဌာနချုပ်အနီးမှာရှိတဲ့ မြို့နယ်တစ်ခုဖြစ်သလို ဗန်းမော်အထက် မိုးမောက်မြို့နယ်နဲ့ ၄၈ မိုင်အကွာမှာရှိတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် လွယ်ဂျယ်မြို့ပြင် ပတ်ပတ်လည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ၂ ရက်အတွင်း အပြီးသတ် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ လွယ်ဂျယ်မြို့တွင်းတပ်တစ်ချို့သာကျန်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လွယ်ဂျယ်မြို့ဟာ တရုတ်နယ်စပ်၊ တရုတ်မြန်မာ နယ်ကုန်သွယ်ရေးဇုံတစ်ခု ဖြစ်ပါတယ်။

By -နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button