တိုက်ပွဲသတင်း

မဘိမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့အရပ်သား ၆ ဦးပွဲချင်းပြီးသေဆုံး ၇ ဦးဒဏ်ရာပြင်းထန်

ကချင်နဲ့ ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလုံးရွာကို မတ်လ ၂ ရက်နေ့ မနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဘက်က တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာအမျိုးအစားလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် ၁၀ လုံးလည်းမီးလောင်ပျက်ဆီးကာ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့တဲ့အပြင် နောက်ထပ် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

၆ ယောက်သေသွားတယ် ၇ ယောက်ဒဏ်ရာရတယ် အိမ်က ၁၀ လုံးလောက်မီးလောင်သွားတယ်။ ဘုန်းကြီး တစ်ပါးပါတယ် မိန်းမတစ်ယောက် ကျန်တာတွေကတော့ ယောကျာ်းလေးတွေပဲလို့ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် မိုးလုံးရွာကိုလေကြောင်းတိုက်ခိုက်ပြီးတာနဲ့ ရွှေတုန်းရွာကိုလည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတဲ့ အရပ်သားတွေဟာ လူလတ်ပိုင်းအရွယ်တွေဖြစ်ပြီး အသက်အရွယ်အတိအကျကိုတော့ KNG က အတည်မပြုနိုင်သေးပါဘူး။

ဒေသခံတွေပြောတာကတော့ စစ်တပ်ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မဘိမ်းမြို့နယ်အတွင်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာလည်းမရှိဘူးလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မဘိမ်းက ရွာပျက်မြို့ပျက်ဆိုတော့ နေစရာမရှိထိုင်စရာမရှိဆိုတော့နေရမှာပေါ့။ နေစရာရှိတဲ့သူတွေ က တော့သွားကြမှာ  အခုဆိုကြည့်လေ မနေ့ကညနေက အဲ့ဒီမှာဘာတိုက်ပွဲရှိလဲ ဘာတိုက်ပွဲမှမရှိပဲနဲ့ကို အလွတ်ကြီးလုပ်သွားတာလို့ပြောပါတယ်။

မဘိမ်းမြို့နယ်ကိုတော့ စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကပဲ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မဘိမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIA နဲ့ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ စစ်ရေးပြင်းထန် တဲ့မြို့တွေအပါအဝင် မြို့အတော်များများကို စစ်အုပ်ချုပ်ရေကြေညာခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့အထိကို စစ်ကောင်စီတပ်ဘက်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ပေါင်း ၆၁ မြို့နယ်ရှိပြီလို့ Data For Myanmar ကသတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button