ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

နာဂလက်နက်ကိုင် ENDA ဗိုလ်မှူးတစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ Eastern Naga Defense Army (ENDA )အဖွဲ့ထဲက ဗိုလ်မှူးတစ်ဦးခရီးသွားရင်းလုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ ENDA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဧပြီ ၂ ရက် မနေ့ မွန်းလွဲပိုင်းမှာ လဟယ်နဲ့ခန္တီးကြား လဟယ်မြို့နယ်ထဲက ဒေသအခေါ်(ကျောက်ညီနောင်) အနီးမှာ ENDA တပ်ဖွဲ့ထဲက ဗိုလ်မှူးတစ်ဦး ဆိုင်ကယ်နဲ့ ခရီးသွားနေရင်း ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့  ENDA နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက KNG ပြောပါတယ်။

အိမ်မှာမဟုတ်ဘူးလမ်းမှာဖြစ်တာဗျ။ ခရီးသွားရင်းနဲ့ ဆိုင်ကယ်ကယ်ရီနဲ့သွားတာပေါ့နော် ကယ်ရီသမားကိုတော့လွတ်ပေးလိုက်ပြီးမှ သူ့ကိုတော့အဲ့မှာပဲဖမ်းပြီးလုပ်ပစ်လိုက်တာလို့ ပြောပါတယ်။

သတ်ဖြတ်ခံရသူဟာ ဗိုလ်မှူးရှမ်းခန်းအောင်ဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသတ်ဖြတ်လိုက်တာဖြစ်တယ်လို့ အထက်ပါအမျိူးသားကဆက်ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ENDA အရာရှိတစ်ဦးကို ဧပြီလ ၂ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးရှင်းလင်းလိုက်ပြီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ဗိုလ်မှူးရှမ်းခန်းအောင်ဟာ လက်ရှိ ENDA အဖွဲ့ရာထူးတာဝန်ကနေ ၆ လ ယာယီအနားပေးထားသူဖြစ်ပြီး ကိုယ်ရေးကိုယ်တာကိစ္စနဲ့ခရီးသွားချိန် ခုလိုသတ်ခံရတဲ့အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရတယ်လို့ ENDA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက ခုလိုပြောပါတယ်။

သူ့ကို ၆ လရာထူးကနေ ဆိုင်းငံ့ထားချိန်မှာ ဖြစ်သွားတာ။ သူနဲ့ သူ့နောက်ကွယ်မှာကျန်ခဲ့တဲ့ မိသားစုအတွက် တကယ်ကိုစိတ်မကောင်းပါဘူးလို့ ENDA တပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးဆန်း‌ဝေါင်းမောရှေက ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဗိုလ်ရှမ်းအောင်ဟာ အရင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) မှာလည်းတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိ ENDA အအဖွဲမှာတော့ ခန္တီးမြို့နယ်စစ်ကြောင်းမှူးတာဝန်အဖြစ်ပေးအပ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။

ENDA အဖွဲ့ဟာ စစ်အာဏာသိိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ စပြီးတည်ထောင်ခဲ့တာဖြစ်ပြီး အရှေ့နာဂဒေသ ကာကွယ်အုပ်ချုပ်သွားဖို့နဲ့ ဘုံရန်သူကိုလက်တွဲတူညီစွာတိုက်ခိုက်သွားဖို့ စစ်ရေးအရ ခံယူချက်၊ ဦးတည်ချက်တူညီတဲ့ မဟာမိတ်တွေနဲ့ လက်တွဲ ပြီး  နာဂလူမျိုးနဲ့ တိုင်းပြည်အတွက် ကြိုးစားလုပ်ဆောင်သွားဖို့အတွက် ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းခဲ့တာလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button