သတင်း

ကိုးကန့်တပ် စစ်ဆေးရင်းလက်လွန်ပြီးသေဆုံးသွားသူအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ ကိုးကန့်တပ်က အကြောင်းပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ် MNDAA က စစ်ဆေးရင်းလက်လွန်ပြီး သေဆုံးသွားတဲ့ စိတ်မနှံ့သူအမျိုးသားအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ကိုးကန့်တပ်ဘက်က အကြောင်းပြန်တယ် လို့ ဒေသခံတွေကပြောပါတယ်။

ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ သတ်ဖြတ်ခံရသူဟာ သူနေထိုင်ရာ ကွတ်ခိုင်မြို့နယ် ကောင်းခါးရွာကနေ တောင်ယာလုပ်ဖို့အတွက် စပါးမျိုးစေ့သွားယူပြီးအပြန်လမ်းမှာ ကိုးကန့်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံ တစ်ယောက်က အခုလိုပြောပြပါတယ်။

သူက သူနေခဲ့တဲ့ရွာဟောင်းကို စပါးမျိုးစေ့သွားယူရင်းပြန်အလာမှာ ကိုးကန့်တပ်က ဖမ်းဆီးရင်းနဲ့ သူကနားလေးတာကို အဲ့တော့ဘာမှမဖြေနိုင်တာဖြစ်မှာပေါ့ အဲ့ဒီမှာရိုက်နှက်ရင်းနဲ့လက်လွန် သွားတယ် လို့သိရတာပေါ့ လို့ပြောပါတယ်။

သတ်ဖြတ်ခံရသူဟာ အသက် ၃၄ နှစ်အရွယ် ကိုဇော်ဆိုင်းဆိုဖြစ်ပြီး ရုပ်အလောင်းကိုတော့ ကိုးကန့်တပ်က သတ်ပြီးမြုပ်ခဲ့တဲ့‌ ဟိုမင်ရွာကနေ ဧပြီလ ၂ ရက်‌နေ့မှာတော့ မိသားစုဝင်တွေနဲ့ရွာသားတွေ တစ်ဖန်ပြန်တူးပြီး ဇာတိရွာမှာမြေမြုပ်သင်္ဂြိုဟ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ခုလိုမတရားသတ်ဖြတ်ခံရသူအတွက် တရားမျှတမှုပြန်ရဖို့ ရပ်ရွာမှာရှိတဲ့ ဘာသာရေးဆရာတွေနဲ့ရပ်မိရပ်ဖတွေက ဧပြီလ ၂ ရက်နေ့ မနေ့က ကိုးကန့်တပ်ကို သွားရောက်မေးမြန်းရာ သူတို့စစ်ဆေးရင်းလက်လွန်သွားတဲ့အ‌ကြောင်း ကိုးကန့်တပ်ဘက်က ကနဦးအကြောင်းပြန်ခဲ့ပါတယ်။

အဲဒီနောက် မနေ့ကတစ်ရက်ထဲမှာဘဲ နောက်ထပ်တစ်ကြိမ် အကြောင်းပြန်ရာမှာတော့ သေဆုံးသွားသူ ကိုဇော်ဆိုင်းဟာ ကိုးကန့်စစ်သားတွေကို ရန်မူလို့ သတ်ဖြတ်ခဲ့ရတာဖြစ်တာကြောင့် မိသားစုအတွက်လည်း လျော်ကြေးမပေးနိုင်ကြောင်း အကြောင်းပြန် လာတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

သွားစုံစမ်းတဲ့အခါ သူတို့တပ်ရုံးထိုင်တဲ့နေရာကိုပေါ့ အဲ့က တာဝန်ရှိတဲ့သူတစ်ယောက်ကပြောတယ် ဟုတ်တယ်သူတို့ကျူးလွန်တာပေါ့။ ကျနော်တို့က ဘယ်လို တာဝန်ယူပေးမလဲ ပြောတဲ့အခါ အထက်ကို တင်ပြပေးမယ် ပြန်ဆက်သွယ်မယ်ဆိုပြီးပြန်လာကြတာ မနေ့ကသွားတဲ့အချိန်မှာကျတော့ ဒီတစ်ယောက်က သူတို့စစ်သား နှစ်ယောက်ကို ရန်မူလို့ ဓားနဲ့ စစ်သားနှစ်ယောက်ကိုတောင်ခုတ်တယ် ဒါ့ကြောင့် သတ်လိုက်ရတာ ဘာလျော်ကြေးမှမပေးနိုင်ဘူးဆိုတဲ့လေသံမျိုးထွက်တယ်လို့ပြောပါတယ်။

ဒီဖြစ်စဥ်ကြောင့် အာဏာရှင်ကိုဝိုင်းဝန်းတိုက်ခိုက်နေတဲ့အချိန် သူတို့အားကိုးထားတဲ့ ကိုးကန့်တပ်က အခုလို သတ်ဖြတ်မှုကိုကျူးလွန်လိုက်တာကြောင့် ဒေသခံတွေဟာ ကြောက်လန့်နေရတဲ့အနေအထားဖြစ်သွားတယ်လို့ ကွတ်ခိုင်က အမည်မဖော်လိုသူဒေသခံတစ်ယောက်က ဝေဖန်လိုက်ပါတယ်။

ကျနော်တို့ကတော့ ဒါကလုံးဝမဖြစ်သင့်ဘူးလို့ပြောတယ် အပြန်အလှန်တိုက်ခိုက်ရင်းဖြစ်တဲ့ကိစ္စလည်း မဟုတ်ဘူးလေ ဒါကအပြစ်မဲ့ပြည်သူလေ ခင်ဗျားတို့ကိုခုတ်တယ်ပဲထားအုံး သေချာဖမ်းဆီးစစ်ဆေးပြီး မိသားစုကိုစုံမစမ်းပြီးအရေးယူရမယ့်အနေအထားလေ လက်ရှိမှာအားကိုးစရာကသူတို့ပဲလေ ဟိုစကားပုံ လိုဖြစ်နေပြီ ကျားကြောက်လို့ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုးဖြစ်နေတယ်လို့ပြောပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ နစ်နာသူဟာ သက် ၇၀ကျော်အရွယ်အမေဖြစ်သူကို ကျွေးမွေးပြုစုနေသူဖြစ်သလို သူသေဆုံးစဥ်မှာ အသက် ၇ နှစ်အရွယ်နဲ့ ၄နှစ်အရွယ်ကလေး ၂ ယောက် ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button