မြစ်ကြီးနားမြို့မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရ အမျိုးသားဖြစ်သူ ပွဲချင်းပြီးတစ်ဦးသေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရပြီး အမျိုးသားဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမြစ်ကြီးနားမြို့အဖွဲ့မှ သိရပါတယ်။
ဖြစ်စဉ်ကတော့ ဧပြီလ ၄ ရက်နေ့ ဒီနေ့မနက် ၅နာရီခွဲဝန်းကျင် စီတာပူရပ်ကွက် နယ်မြေ (၈) ဟာရူး(HARU)စားသောက်ဆိုင် လမ်းဆုံတစ်နေရာမှာဆိုင်ကယ်စီးလာတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနှစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နဲ့ ပစ်သွားတာဖြစ်တယ်လို့ စီတာပူရပ်ကွက်နေ ပြည်သူတွေဆီကနေ သိရပါတယ်။
“သေနတ်သံ လေးငါးချက်ကြားပြီး အပြင်ကို ထွက်ကြည့်ကြတော့ ဆိုင်ကယ်နဲ့လဲနေတာပေါ့ ဘယ်သူတွေပစ်သွားမှန်းသေချာတော့ မသိလိုက်ဘူး မမြင်လိုက်ဘူးပေါ့”လို့ ဆိုပါတယ်။
သေနတ်နဲ့ပစ်ခံရတဲ့ ဇနီးမောင်နှံမှာ အမျိုးသားဖြစ်သူကတော့ ပွဲချင်ပြီးသေဆုံးသွားပြီး အမျိုးသမီးကတော့အသက်ရှင်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာတော့ပြင်းထန်စွာရရှိထားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့မှ အဖွဲဝင်တစ်ဦးကခုလိုပြောပြပါတယ်။
“သေသွားတဲ့ အမျိုးသားကတော့လည်ပင်းနဲ့ပါးမှာပစ်ခံရတယ် အမျိုးသမီးကတော့ ဘယ်ဘက်ရင်အုံမှာတစ်ချက် ပြီးတော့ဘယ်ဘက် နံရိုးအထက်မှာနှစ်ချက်စုစုပေါင်းသုံးချက်ပစ်ခံထားရတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သေဆုံးသွားတဲ့ အမျိုးသားကိုတော့ မြစ်ကြီးနားရင်ခွဲရုံကို ပို့ဆောင်ထားပြီး အမျိုးသမီးကိုတော့ မြစ်ကြီးနားဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
သေနတ်ပစ်ခံရတဲ့ ဇနီးမောင်နှံဟာ စီတာပူရပ်ကွက်မှာအိမ်ငှားနေတာဖြစ်ပြီး စိုက်ခင်းသွားတဲ့လမ်းမှာ အပစ်ခံရတာဖြစ်နိုင်တယ်လို့ စီတာပူရပ်ကွက်က ပြည်သူတစ်ချို့ကပြောဆိုနေတာတွေရှိပေမယ့် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကိုတော့လူနာရှင်တွေဘက်က ဆက်သွယ်လာခြင်းတော့မရှိသေးဘူးလို့ ဆိုပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသား ၄ ယောက်က ကားတစ်စီးအပါငွေသား သိန်း ၈၀ ကို ဓါးပြတိုက်သွားတယ်လို့ ကားပိုင်ရှင်ဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ တုန်းကလည်း အသက်၂၅ နှစ်အရွယ် ကိုလဖိုင်ဇော်လီအောင်(Zau Li Awng)က စီတာပူရပ်ကွက်၊ အထ(၅)ကျောင်းကြား NLD ရုံးအကျော် လမ်းဆုံတစ်နေရာမှာ ကားရပ်ပြီး ဆေးလိပ်သောက်နေချိန် အသက် ၃၀ ဝန်းကျင်ရှိတဲ့ အသားညိုညို ထောင်းထောင်းမောင်းမောင်း လူ ၄ ယောက်ကဓားထောက်ပြီး ကားနဲ့ ငွေသားသိန်း၈၀ကျော်ကို ဓားပြတိုက်သွားခဲ့တာဘဲ ဖြစ်ပါတယ်။
By – Hope