တိုက်ပွဲသတင်း

ခဝမ်ဘန်(ကျောက်စခန်း)စစ်တပ်ဂိတ်နဲ့ မိုင်ဆပ်ကောင့် တပ်စခန်း ၂ ခုကို KIA ထပ်မံသိမ်းပိုက်

မိုးမောက် နဲ့ လွယ်ဂျယ်သွားလမ်းပေါ်က ဆယ်စုနှစ်တစ်ခုအကြာ ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ပြီး ငွေကြေးကောက်ခံနေတဲ့ ကျောက်စခန်း(Hka Wan Bang) စစ်တပ်စခန်းအပါ မိုင်ဆပ်ကောင့်(Mai Sak Kawng) တပ်စခန်း ၂ ခုကို KIA က သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။

မိုးမောက်မြို့နဲ့ ၃ မိုင်လောက်အကွာမှာရှိတဲ့ ကျောက်စခန်းရွာ ဆုတောင်းကုန်းပေါ်မှာတပ်ချထားတဲ့ တပ်စခန်းကို KIA တပ်တွေက မတ်လ ၂ ရက်နေ့ ၆ နာရီလောက်မှာ ထိုးစစ်ဆင်ပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မိုးမောက်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ခဝမ်ဘန်ရွာ ဆုတောင်းတောင်မှာတပ်ချထားတဲ့ တပ်စခန်းကို မနေ့ညနေ ၅ နာရီလောက်မှာ KIA တပ်တွေက ဝင်တိုက်ခိုက်တယ်။ ၆ နာရီလောက်မှာ အပြီးသိမ်းလိုက်တယ်လို့ သိရတယ်။ KIA ကသိမ်းလိုက်လို့ ဒီမနက် ၆ နာရီလောက်မှာတောင် လေယာဉ်နဲ့ လာပစ်ကြသေးတယ်လို့ပြောပါတယ်။

ခဝမ်ဘန်(ခေါ်) ကျောက်စခန်း စစ်တပ်စခန်းကို ခဝမ်ဘန်ကျေးရွာအလယ်ရဲ့ ကားလမ်းမကြီးပေါ်မှာ တပ်ချထားတာဖြစ်ပြီး အဲဒီတပ်စခန်းကနေ စိန်လုံ(Sinlum) နဲ့ လွယ်ဂျယ်မြို့ဘက်ကို အဆင်းအတက်ရှိတဲ့ ခရီးသည်အပြင် ကားသမားတွေကို စစ်ဆေးတာတွေ အဆိုးရွာဆုံး လုပ်ဆောင်တဲ့ စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ကျောက်စခန်း စစ်တပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း မိုးမောက်နဲ့ လွယ်ဂျယ်သွားလမ်းကို အဓိကထိန်းချုပ်ဖို့အတွက် လာရောက်တပ်ချထားတာဖြစ်ပြီး အဲဒီလမ်းတစ်ကြော ခရီးသွားပြည်သူတွေအတွက် သွားလာရေးမှာ အခက်ခဲဆုံး စစ်တပ်ဂိတ်ဖြစ်တယ်လို့ မိုးမောက်ဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။

လွယ်ဂျယ်၊ စိန်လုံ ကိုသွားလာတဲ့ ခရီးသည်၊ ကားသမားတွေကို အဖြစ်မနေ စစ်ဆေးတဲ့ စစ်တပ်ဂိတ်ဖြစ်တယ်။ အဲ့မှာ စစ်တပ်တစ်ခုထဲမဟုတ်ဘူး။ ဌာနပေါင်းစုံရှိတယ်။ အဲမှာဖြတ်တဲ့သူတိုင်း ပိုက်ဆံပေးရတယ်။ ကန့်သတ်ထားတာမျိုးတော့ မရှိဘူး။ သူတို့ကြည့်ပြီးတောင်းတာများတယ်။ ဒါကြောင့် ဒီစစ်တပ်ဂိတ်က အရမ်းအရေးကြီးတယ်လို့ပြောပါတယ်။

အဲဒီ စစ်တပ်စခန်းဟာ ၂၀၁၁ ခုနှစ်လောက်မှာ ခဝမ်ဘန်ဒေသခံပြည်သူတွေ ဆုတောင်းကုန်းနေရာသတ်မှတ် ထားရာကနေ စစ်ကောင်စီတပ်တွေက စစ်တပ်စခန်းအဖြစ်အတင်းအဓမ္မသိမ်းယူလိုက်ပြီး အခုလို စစ်ဆေးရေးဂိတ်ထားရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်တပ်ဂိတ်နေရာမှာ မနက် ၆ မှ ည ၆ နာရီဝန်းကျင်အထိသာ သွားလာရေးခွင့်ပြုထားပြီး ည ၆  နာရီနောက်ပိုင်းမှာ သွားလာလို့မရအောင် ဂိတ်အပေါက်ဝကို သော့ခတ်ပိတ်ထားတယ်လို့သိရပါတယ်။

KIA တပ်တွေက ကျောက်စခန်းကို သိမ်းပိုက်မှုအပြီးမှာပဲ ကျောက်စခန်းနဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ဒဂေါ်(Dagaw Mare) က မိုင်ဆပ်ကောင့်(Mai Sak Kawng) စစ်တပ်စခန်းကို မတ်လ ၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ခဝမ်ဘန်စခန်းသိမ်းပိုက်ပြီးလို့ ဒဂေါ်ရွာရဲ့ တပ်စခန်းကို ပြန်သိမ်းယူလိုက်ပြီ။ အဲ့ဒါက ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်ဖြစ်မယ်။ ကျောက်စခန်းနဲ့ မဝေးဘူး ခြေကျင်နဲ့သွားရင် ၂ မိုင်လောက်ပဲရှိမယ်။ သူက လုံခြုံရေးစခန်းပုံစံနဲ့ရှိနေတာဖြစ်တယ်။ ဒီတကြောမှာ ကျောက်စခန်းပြီးရင် အဲစခန်းတစ်ခုပဲကျန်တော့တယ်။ အဲ့ဒါကြောင့် ရှေ့ဆင့်နောက်ဆင့်ပဲ ပြန်သိမ်းယူလိုက်တဲ့ သဘောပါလို့ KIA ရှေ့တန်းသတင်းအရင်းတစ်ယောက်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ပြန်လည်သိမ်းယူလိုက်တဲ့ ဒဂေါ် ရွာက မိုင်ဆပ်ကောင့်တပ်စခန်းဟာ မိုးမောက် နဲ့ လွယ်ဂျယ်လမ်းမပေါ်မှာ လုံခြုံရေးတပ်စခန်းအဖြစ်ရှိနေတာဖြစ်ပြီး ကျောက်စခန်းကိုလည်း အကာအကွယ်ပေးနေတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

ခဝမ်ဘန်(ခေါ်) ကျောက်စခန်းနဲ့ မိုင်ဆပ်ကောင့် တပ်စခန်း ၂ ခုကို သိမ်းပိုက်ပြီးတဲ့နောက် မိုးမောက် နဲ့ လွယ်ဂျယ် ကားလမ်းပိုင်း တကြောမှာ စစ်တပ်စခန်းကင်းစင်သွားပြီလို့ သိရပြီး မိုးမောက်မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်း တစ်ခုသာကျန်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မိုးမောက်နဲ့ လွယ်ဂျယ်လမ်းတစ်ကြောက နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိတဲ့ စိန်လုံ(Sinlum Bum)တပ်စခန်းကြီးကို ဧပြီလဆန်း ၁ ရက်နေ့မှာ KIA က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် ကျောက်စခန်းနဲ့ မိုင်ဆပ်ကောင့်တပ်စခန်း ၂ ခုကို ပြန်လည် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button