ဖမ်းဆီးခံရမှုသတင်း

ကသာမှာ အမျိုးသားတစ်ဦးဖမ်းဆီးခံရ

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့ မတ်လ ၃ ရက်နေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာအမျိုးသားတစ်ဦး စစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။


ကသာမြို့ပေါ် ဇေယျာချောင် ရပ်ကွက်( ၅) မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာထိုင်နေတဲ့အချိန် စစ်ကောင်စီဘက်ကဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မနေ့ကပေါ့ ရဲဘော်တော့မဟုတ်ဘူး အပြင်ဆိုက်မှာလှုပ်ရှားတဲ့သူလို့သိရတယ် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် ဝှိုက်ဖမ်းဖမ်းခံရတာပါ”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး အမည်နာမအသေးစိတ်ကိုတော့ လုံခြုံရေးအရ ဖော်ပြလို့ မရသေးပါဘူး။

ဒေသခံတစ်ချို့ပြောတာကတော့ ဖမ်းခံရသူဟာ ထောက်ပို့တပ်ဖွဲ့ဝင်ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေပေမယ့် ကာကွယ်ရေးဘက်ကတော့ ထောက်ပို့မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ဒါ့အပြင် ကသာမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း ဒီရက်ပိုင်းအတွင်း မြို့ပေါ်ရပ်ကွက်တချို့နဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အင်အား ၈၀‌ ကျော်နဲ့ စစ်ကြောင်းပတ်နေကြတယ်လို့ သိရပါတယ်။

“သူတို့က မြို့ထဲပတ်လိုက် ဆင်ခြေဖုံးတွေပတ်လိုက်နဲ့ လှုပ်ရှားစစ်ကြောင်းပုံစံမျိုးသွားနေတာပါပဲ တပ်ထဲ ထိုင်လိုက် ရုံးတွေပတ်ထိုင်လိုက်နဲ့ပေါ့”လို့ကာကွယ်ရေး တပ်ဘက်ကတာဝန်ရှိသူတစ်ယော်ကပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် ဗန်းမော်ဒေသပတ်ဝန်းကျင်က ဒေသခံတွေဟာလည်း ကသာမြို့နယ်ထဲကို စစ်ဘေးတိမ်းရှောင်လာကြတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကသာမြို့နယ်က ဟဲနားဆိုတဲ့ရွာကိုလည်း ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကပဲ တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာ မရှိပဲ စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button