တိုက်ပွဲသတင်း

ဟန်ထက်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ

နှစ်ရက်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မန္တလေးလမ်းမပေါ်ရှိ လမ်းလေးဆုံနေရာက ဟန်ထက်(Han Htet)စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်က ဧပြီလ ၅ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဟန်ထက်တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီလ ၄ ရက်နေ့ ညပိုင်းစခန်းက‌နေစွန့်ခွာသွားပြီးနောက် ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ KIA ပူးပေါင်းတပ်က စခန်းအတွင်းဝင်ရောက်ခဲ့တယ်လို့ မံစီဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဘက် စခန်းစွန့်ခွာသွားပေမယ့် ဂါးရာယာန်နဲ့ မံစီမြို့တွင်းတပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတဲ့အပြင် Y -12 လေယာဉ်အမျိုးစားနဲ့လည်း ဒီနေ့ မနက်ပိုင်းမှာတင် ၈ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မံစီဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ဂါးရာယာန်နဲ့ မံစီကနေ ဟန်ထက်ဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။ အခုအခြေအနေက တပ်စခန်းထဲကို KIA ဝင်ပြီး ရှင်းလင်းတာတွေတော့လုပ်နေတယ်လို့ပြောပါတယ်။ ဒါပေမယ့် လေယာဉ်နဲ့ ကော လက်နက်ကြီးနဲ့ ပတ်ပတ်လည်လည် ပစ်နေသေးတော့ ခဏပြန်ဆုတ်ထားတယ်တဲ့။ အခုလည်းပစ်နေတုန်းပဲလို့ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက တပ်စခန်းထဲကနေ ထွက်ခွာသွားကြပြီး ထွက်ခွာသွားတဲ့ လမ်းကြောင်းကို KIA ပူးပေါင်းတပ်တွေက ခြေရာခံလိုက်နေသလို စစ်တပ်ဘက်ကလည်း ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုကပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ဟန်ထက်ကျေးရွာဘက် KIA တပ်တွေရှိနိုင်တဲ့ နေရာဘက်ကို မှန်းဆပြီး မံစီမြို့တွင်းနဲ့ ဂါးရာယန် ခမရ ၃၁၉ တပ်စခန်းတွေကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဟန်ထက်ကျေးရွာနဲ့ ၁ မိုင်လောက်အကွာမှာရှိတဲ့ ကွေ့ကြီးကျေးရွာက နေအိမ်တစ်ခုမှာ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကြောင့် နေအိမ်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သူဟာ ဦးစိုးမြင့်ဆိုသူဖြစ်ပြီးတော့ နေအိမ်လည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ မံစီဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။

စစ်တပ်က လက်နက်ကြီး အဆက်မပြတ်ပစ်လို့ မနေ့ည ၈ နာရီလောက်မှာ ဒီဟန်ထက်နဲ့ ၁ မိုင်လောက်ရှိတဲ့ ကွေ့ကြီးရွာက ဦးစိုးမြင့်အိမ်မှာ လက်နက်ကြီးကျည်ထိခဲ့တယ်လို့ ပြောတယ်။ ဆေးရုံကို ပို့လိုက်ပြီလို့ ကြားတယ်။ အိမ်ကတော့ ထိခိုက်သွားတယ်လို့ပြောတယ်လို့ဆိုပါတယ်။

ဟန်ထက် စစ်ကောင်စီတပ်စခန်းဟာ ဗန်းမော်၊ မန္တလေး၊ မဘိမ်း၊ မိုင်းခေါင်၊ မံသာ၊ မံတဲ စတဲ့ နေရာဒေသတွေကို သွားလာလို့ရတဲ့ လမ်းလေးဆုံနေရာမှာရှိတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး စစ်အင်အား ၁၀ ကျော်လောက်သာရှိတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မဂျီဂုံနဲ့ မိုင်းခေါင် တပ်စခန်းတွေဘက်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်သား ၅၀ ဝန်းကျင်လောက်က ဟန်ထက်ကျေးရွာရဲ့ ရွာဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေထိုင်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် အဲဒီစစ်ကောင်စီတပ်သားတွေကို ရွာတွင်းကနေ ထွက်ခွာသွားပေးဖို့ KIA ဘက်က သတိပေးပြောဆိုထားပေမယ့် ဆက်ရှိနေသေးတာကြောင့် KIA တပ်တွေက ဧပြီလ ၄ ရက်နေ့ ညနေပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေက ဗန်းမော်ခရိုင် မိုးမောက်နဲ့ လွယ်ဂျယ် ကြားမှာရှိတဲ့ စိန်လုံတပ်စခန်းအပါ ကျောက်စခန်းနဲ့ မိုင်ဆပ်ကောင့် တပ်စခန်းတွေကို သိမ်းပိုက်မှုအပြီးမှာပဲ ဟန်ထက်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button