သတင်း

KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေဆဲ

ကချင်ပြည်နယ်အတွင်း KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲဆင်နွှဲပြီးသိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်တံတားအနီး ဒါဆိုင်း၊ ခူးလီနဲ့ နောင်လိုက် တစ်ဆက်တည်းရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီလ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဒီကနေ့ မနက်အစောပိုင်း ၄ နာရီလောက်မှာ တက်လာတဲ့ လေယာဉ်က ဒါဆိုင်း၊ ခူးလီ၊ နောင်လိုက် ဒီတစ်ကြောကို တပြိုင်နက် ပစ်သွားတယ်။ ပစ်တဲ့ ပုံစံကလည်း လှည့်ပြီးပစ် ၄ ၊ ၅ ၊ ၈ ကြိမ်လောက်ပစ်သွားတယ်။ တခြားထိခိုက်တာတွေတော့ သေချာတော့မသိသေးဘူး”လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေက KIA နဲ့ PDF ပူးပေါင်းတပ်တွေရှိနိုင်တဲ့ နေရာဘက်ကို ဦးတည်ပြီး လာရောက်ပစ်ခတ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဒါဆိုင်းနဲ့ တစ်ကြောရှိတဲ့ နွမ်လန့်၊ မြို့သစ်၊ ကုန်းလော နေရာတွေမှာ ပုံမှန်လာရောက်ပစ်ခတ်နေတာဖြစ်ပါတယ်။

လေကြောင်းနဲ့ ပစ်ခတ်ခံရတဲ့ ကျေးရွာတွေဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းအတွင်းမှာ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ နောင်ကွန်၊ စလောင်းကုန်းနဲ့ ဒါဆိုင်း စတဲ့ ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က တစ်ပတ်အတွင်းမှာပဲ တစ်ခုပြီး တစ်ခု သိမ်းပိုက်လိုက်တဲ့ နေရာတွေဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ တိုက်ပွဲငြိမ်းသက်သွားတာ ၂ ပတ်လောက်ကြာမြင့်လာပေမယ့် စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ လာကြောက် ဗုံးကြဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဧပြီလ ၇ ရက်နေ့မှာလည်း ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအထက် ဝရှဂါးဘွမ့်(Wa Shaga Bum) နေရာမှာ စစ်ကောင်စီတပ်အပါ ဝူယာန်ပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်တို့ကြား နေ့လည်ပိုင်းမှာ တိုက်ခိုက်ဖြစ်ပွားခဲ့ပြီးနောက် မြစ်ကြီးနားဘက်ကနေ ဂျက်လေယာဉ် ၂ စီး၊ Y- 12 လေယာဉ်အမျိုးအစားနဲ့ တစ်နာရီလောက်အကြာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KIA တပ်ရင်း ၁၁ နယ်မြေဘက်ကိုလည်း စစ်ကောင်စီတပ်တွေက ဧပြီလ ၆ ရက်နေ့ ည ၁၁ နဲ့ ၁၂ နာရီဝန်းကျင်ကြားမှာ ၄ ၊ ၅ ကြိမ်ထက်မနည်း လှည့်ပတ်ပြီး လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်လာပြီဖြစ်တဲ့ မြစ်ကြီးနား – ပူတာအိုလမ်းပေါ်က ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲ နေရာမှာလည်း စစ်ကောင်စီတပ်က နေ့စဉ်အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင် နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုကတော့ နားနားပြီးပစ်နေတယ်။ KIA က တစ်ခါတိုက်လိုက်တိုင်း သူတို့ဘက်က တိုက်တဲ့အခါတိုင်း ပြန်ပြန်တိုက်နေတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာပစ်တယ်။ တစ်ရက်ကို အနည်းဆုံး တစ်ကြိမ်တော့ လာပစ်တယ်။ အဲဒါကြောင့် KIA ဘက်လည်း သိမ်းနိုင်ဖို့ခက်နေသေးတယ်လို့ပြောတယ်”လို့ပြောပါတယ်။

ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်ကနေ အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေတာကြောင့် KIA ဘက်ကနေ တစ်လကြာမြင့်လာတဲ့အထိ သိမ်းဆည်းနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်တွေက KIA က သိမ်းပိုက်ထားတဲ့နေရာတွေမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် လေကြောင်းတိုက်ခိုက်တာတွေ ရှိနေသေးသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေမှာလည်း တိုက်ခိုက်ခံရတာတွေရှိနေပါတယ်။

မိုးမောက်မြို့နယ်ထဲမှာဆိုရင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအတွင်းနေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိနေပြီး အများသောအားဖြင့် နွမ့်လန့်၊ နောင်ကွန်နဲ့ ကုန်းလော စတဲ့နေရာတွေမှာ ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button