တိုက်ပွဲသတင်း

နန့်ယားမှာတိုက်ပွဲပြင်းထန်နေပြီး တပ်ဆုတ်ဖို့ KIA သတိပေး‌

ဆယ်ဇင်းရဲစခန်း KIA သိမ်းပိုက်

ဖားကန့်သွားလမ်းမပေါ်  နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား ဧပြီလ ၉ ရက်နေ့ ဒီနေ့ ညနေပိုင်း ၃ နာရီအထိတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တပ်ဆုတ်ဖို့ KIA ဘက်က သတိပေးထားတယ်လို့ သိရပါတယ်။

နန့်ယာားစစ်ကောင်စီတပ်စခန်းကို KIA ဘက်က ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ စတင်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိ ၃ နာရီဝန်းကျင်အထိ အပြန်အလှန်တိုက်ပွဲဖြစ်နေဆဲဖြစ်တယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

သိမ်းတဲ့အဆင့်တော့မဟုတ်သေးဘူး။ နားလိုက်ပြန်ပစ်လိုက်တဲ့ ပစ်နေကြတာ။ စစ်သားတွေကို ထွက်သွားဖို့ ပြောထားတယ်တဲ့။ ထွက်လာမလားဆိုပြီး ပစ်ခြောက်နေတာ။ အဲ့လိုနဲ့ပဲ ၂ ဖက်တပ်အပြန်အလှန်ပစ်နေကြတယ် လို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကို လက်နက်ချအညံ့ခံပြီး တပ်ဆုတ်သွားဖို့ ပြောဆိုထားတဲ့အပေါ်မှာ ၂ ရက်လအချိန်ပေးဖို့ စစ်တပ်ဘက်ကနေပြောဆိုထားတယ်လို့လည်းသိရပါတယ်။

တပ်ဆုတ်ဖို့ပြောနေချိန်မှာ စစ်တပ်ဘက်က ဂျက်လေယာဉ် ၂ စီးနဲ့ ဒီနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ ၂ ကြိမ်အထိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နန့်ယားကျေးရွာထဲက လူနေအိမ် ၃ လုံးထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်သွားလမ်းမပေါ်မှာ နန့်ယားစစ်တပ်စခန်းမှာ ပြည်သူ့စစ်နဲ့ပူးပေါင်းပြီး စစ်အင်အား ၁၀၀ ဝန်းကျင်စခန်းနဲ့ဂိတ်ပူးတွဲအထိုင်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်သလို ဖားကန့်လမ်းမပေါ်မှာ ဗျူဟာမြောက်တပ်စခန်းတစ်ခုဖြစ်ပါတယ်။

အဲဒီတပ်စခန်းမှာ ဖားကန့်ဘက်ကို သွားလာတဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးရိုက်နက်တာတွေ၊ နန့်ယားကျေးရွာနဲ့ တစ်ဆက်တည်းရှိကြတဲ့ ကျေးရွာနေပြည်သူတွေကို သွားလာခွင့်မကြာခဏ ကန့်သတ်ထားတဲ့ တပ်စခန်းလည်းဖြစ်ပါတယ်။

ခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် နန့်ယားကျေးရွာနဲ့ တက်ဆက်တည်းရှိကြတဲ့ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ပျားအုံ၊ ကပ်မှော် စတဲ့ ကျေးရွာနေ ပြည်သူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် KIA ပူးပေါင်းတပ်တွေ့ ဒီနေ့ တစ်ရက်ထဲမှာ နန့်ယားစစ်တပ်စခန်းအပြင် ဆယ်ဇင်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းအထိုင်ချထားတဲ့ ရဲစခန်းတစ်ခုကို သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ ရဲအင်အား ၂၁ ဦးလက်နက်ချအညံ့ခံဝင်ရောက်လာခဲ့တယ်လို့ ဖားကန့် KPDF က တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။

ဆယ်ဇင်းက လက်နက်ချတာ ၂၁ ယောက်ဟုတ်တယ်။ လက်နက်အပြည့်အစုံပေါ့။ ရဲကနေ အသွင်ပြောင်းထားတဲ့ စစ်သားတွေဖြစ်ဖို့များတယ်။ အသွင်ပြောင်းတိုက်ခိုက်ရေး ရဲလို့ပြောလာတယ်။ ကျန်တာကတော့ ရာထူးတွေ သေချာမသိရသေးဘူး။ နန့်ယားနဲ့ တစ်ဆက်တည်းတိုက်ပွဲဖော်ဆောင်လိုက်တာပါ။ ဆယ်ဇင်းဘက်ကိုလည်း အဲဒါပစ်ခတ်မှုက သိပ်မလုပ်လိုက်ရဘူး လက်နက်ချသွားပြီဆိုတော့ဆိုပါတယ်။

ဆယ်ဇင်းရဲစခန်းတိုက်ခိုက်ခံရတာကြောင့် ဆယ်ဇင်းနယ်ထဲမှာ စစ်ကောင်စီတပ်၊ SNA ပူးပေါင်းတပ်နဲ့ KIA တပ်တွေကြားမှာ စစ်ရေးတင်းမာမှုဖြစ်နေတယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကနေ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေဖြစ်တဲ့ ဝှေခါ၊ နမ်တိန့်၊ ကသိုဏ်းတောင် နဲ့ တာမခံ စတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေ သိမ်းပိုက်မှုအပြီး ၁ လကျော်အကြာမှာ နမ့်တိန့်နဲ့ တစ်ကြောမှာ ရှိတဲ့ နန့်ယားတပ်စခန်းကို သိမ်းပိုက်ဖို့ တိုက်ပွဲပြန်လည် ဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button