စစ်ရေးသတင်း

ဗန်းမော်မှာ မြို့စွန့်ခွာတိမ်းရှောင်သူများလာပြီး ကားခ၊လေယာဉ်ခစျေးအဆမတန်မြင့်တက်နေ

ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေကြောင့် မြို့စွန့်ခွာတိမ်းရှောင်သူတွေများလာပြီး  ကားခ၊ လေယာဉ်ခ ဈေးအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းအရှိန်မြင့်တက်နေပြီး ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တစ်ချို့ကအထိုင်တပ်စခန်းကိုသိမ်းပိုက်လာနိုင်ချိန် ဗန်းမော်မြို့ဟာ မြို့သိမ်းတိုက်ပွဲဖြစ်နိုင်ချေရှိနေတာကြောင့် မြို့ခံတစ်ချို့မြို့စွန့်ခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။

ခုလို မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်လာတာကြောင့် ကားခအရင်ကထက် နှစ်ဆမြင့်တက်နေပြီဖြစ်တယ်လို့ ဗန်းမော်မြို့ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

အခုဒီမှာက ကားခတွေ၊ လေယာဉ်ခတွေက ရောင်းတဲ့သူတွေအပေါ်မှာဘဲမူတည်နေသလိုဘဲ၊ အရင်ကဆို ဗန်းမော်မန်လေး ၃သောင်းကျော်ကျော်လေးဘဲ ခုက တစ်သိန်းရှိပြီ  အခုကအခါကြီးရက်ကြီးကြောင့် ပြန်သွားတဲ့သူတွေနဲ့ နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်သွား ကြတဲ့သူတွေ၊ ဆီဈေးတွေ မြင့်လာတာကြောင့်လည်း ပါမှာပေါ့၊ ပြီးတော့အခုလိုချိန်က ဈေးဘယ်လောက်ဆိုရင်လည်း လိုက်မဲ့သူတွေရှိတယ်လေ၊ ငွေကြေးမတက်နိုင်တဲ့သူတွေကျတော့လည်း ဘယ်မှမသွားကြရုံဘဲရှိတာပေါ့လို့ ပြောပါတယ်။

လက်ရှိ ဗန်းမော်မှာကားခအနေနဲ့ ဗန်းမော်မန္တလေး  ၁၀၀၀၀၀ ကျပ်ရှိနေပြီး လေယာဉ်လက်မှတ်အနေနဲ့ဗန်းမော်မန္တလေး ၂၆၅၀၀၀ ကျပ်၊ ဗန်းမော်ရန်ကုန် ၃၉၃၀၀၀ကျပ်၊ ဗန်းမော်မြစ်ကြီးနား ၂၂၀၀၀၀ကျပ် ထိရှိနေပြီဖြစ်ပါတယ်။

ခုလို ကားခဈေးနှုန်းတွေ မြင့်တက်လာတာဟာ ဗန်းမော်မြို့တွင်း ဆီဈေးတက်နေတဲ့အပြင် ခရီးသည်တွေဟာဆိုရင်လည်းအထွက်ပိုများလာပြီး အဝင်သိပ်မရှိတော့တဲ့တွက်ဖြစ်တယ်လို့ ဗန်းမော်မြို့ ကားလက်မှတ်အရောင်းဌာနတစ်ခုက အမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။

အခုက နိုင်ငံရေးအခြေအနေတွေကြောင့် ပြန်တဲ့သူတွေများတယ်၊ မန္တလေးတို့ဘက်ကကျတော့လည်း ကားတွေကပြန်မထွက်နိုင်ဘူးလေ၊ ဟိုဘက်ကလာတဲ့ ခရီးသည်တွေရော၊ ကုန်တွေရောမရှိတော့လေ၊ အဲ့တာကြောင့် ခရီးသည် တစ်ယောက်ဆိုလည်း တစ်ယောက်အဲ့တာနဲ့ဘဲ ပြန်လာတာ၊ တစ်ခါတလေ ကားအလွတ်ကြီးဘဲ ပြန်လာရတာ၊ အဲ့တော့ ကားသမားတွေအတွက်က ဆီဖိုးနဲ့ သွားလာခက မကိုက်တော့ဘူးလို့ပြောပါတယ်။

ဗန်းမော်မန္တလေး လမ်းပိတ်ထားတဲ့အတွက် ခရီးသွားသူတွေဟာ မိုးမိတ်ဘက်ကနေသွားရတာဖြစ်ပြီး လမ်းပိုင်းတွေမှာစစ်ဆေးမေးမြန်းတာ၊ ငွေကြေးကောက်ခံတာတွေလည်းရှိတဲ့အတွက် ကားသမားတွေအနေနဲ့ သွားစရိတ်နဲ့ရတဲ့စရိတ်တွေ မကာမိတာမျိုးတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကားလမ်းပိုင်းတွေမှာအဆင်မပြေရှိလာမှာကို စိုးရိမ်တဲ့ပြည်သူတွေကျတော့လည်း လေကြောင်းလိုင်းကို အဓိကအသုံးပြုလာကြတယ်လို့ ဗန်းမော်မြို့ ခရီးသွားဝန်ဆောင်မှု တစ်ခုက အမျိုးသားတစ်ယောက်က KNG ကိုအခုလိုပြောပါတယ်။

နိုင်ငံရေးအခြေအနေ ပြောင်းလာပြီဆိုရင် လူတွေက ကြောက်ပြီးတော့ ထွက်သွားကြတယ်လေ၊ အရင်တုန်းကဆိုရင် ကားတွေနဲ့ သွားတာပိုများကြတယ်၊ အခုကကျတော့ လုံခြုံရေးအရ မသွားကြတော့တဲ့သူတွေရှိတယ်၊ လမ်းခရီးမှာကျန်ကြာတာ၊ တိုက်ပွဲတွေဖြစ်ပြီး ကားလမ်းပိတ်တာ တွေလည်းရှိတယ်လေ၊ အဲ့တာကြောင့် လေယာဉ်နဲ့ ဘဲသွားတဲ့သူတွေလည်း များလာကြတယ်လို့ပြောပါတယ်။

လတ်တလော ဗန်းမော်မြို့မှာရှိတဲ့ ရွှေဆိုင်တွေ၊ ကုန်စုံဆိုင်၊ စတိုးဆိုင် တွေ တော်တော်များများပိတ်ထားတယ်လို့သိရပြီး ဒေသခံတွေရဲ့ ပြောပြချက်အရ တစ်ချို့ ဈေးဆိုင်တွေဆိုရင် ကုန်တင်သွင်းတာမျိုးမရှိတော့ဘဲ လက်ကျန်တွေဘဲရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်လာနေပြီး ဗန်းမော်ခရိုင် စစ်ကောင်စီ စကခ ၂၁ တပ်ထိုင်တဲ့ ဗန်းမော်မြို့အနီးကိုလည်း တိုက်ပွဲတွေဦးတည်လာနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

ဗန်းမော်မြို့ဟာ ကုန်းကြောင်း၊ရေကြောင်း၊လေကြောင်း အဓိက အချက်ချာကျတဲ့မြို့ဖြစ်ပြီး အစိုးရခရိုင်စိုက်ရာမြို့ဖြစ်တဲ့အပြင် ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်လို့လည်း ပြောလို့ရသလို ကချင်ပြည်နယ်ထဲက သင်္ဘောဆိပ်ဆိုက်ရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်ဘက်ကလည်း လက်ရှိ ဗန်းမော်မြို့ကို အဖက်ဖက်ကနေ အင်အားတွေစုစည်းနေပြီး ခံစစ်သဘောနဲ့ပြင်ဆင်တာတွေရှိနေတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဗန်းမော်မြို့နဲ့အနီးဆုံး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲက စစ်ကောင်စီ ခမရ ၁၄၂ ဗျူဟာတပ်စခန်းလည်း ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာဘဲ KIA ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့် အလံဖြူထောင်လက်နက်ချခဲ့သလို တစ်လဝန်းကျင်ကြာလာပြီဖြစ်တဲ့ KIA  ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးမှာ စစ်တပ်ရဲ့စခန်း ၆၀ ကျော်သိမ်းပိုက်ရရှိထားပြီလည်းဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button