လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မိုးညှင်း ကစ်သစ်လစ်သာသနာပြု ဘုန်းတော်ကြီးတစ်ပါးသေနတ်ခတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေ (၂)ရပ်ကွက် ကတ်သစ်လစ်ဘုရားကျောင်းမှာကတ်သစ်လစ်ဘုန်းတော်ကြီးတစ်ပါး ဝတ်ပြုကိုးကွယ်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ စိန်ပတ်ထရစ်ဘုရားကျောင်းထဲအသင်းသားတွေနဲ့ဝတ်ပြုကိုးကွယ်နေတဲ့အချိန် အမည်မသိလူ ၂ ယောက်ဝင်လာပြီး သေနတ်ပစ်သွားတာဖြစ်တယ်လို့ မိုးညှင်းဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

“၆ နာရီလောက်မှာ ဘုရားကျောင်းထဲ မစ္ဆာတရားပေးနေတဲ့အချိန် လူနှစ်ယောက်ဝင်လာပြီး ဝင်ပစ်သွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ အခုမြစ်ကြီးနား ဆေးရုံဘက်ပို့လိုက်ပြီ။ သေနတ်ဒဏ်ရာက ၃ နေရာလောက်မှာ ထိသွားတယ်”လို့ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရတဲ့ဘုန်းတော်ကြီးဆရာတော်ဟာ အသက် ၄၀ ကျော်အရွယ် ဖာသာရ်ပေါလ်ခွေရှင်းအောင်ဆိုသူဖြစ်ပြီး ပေါင်တစ်ဖက်၊ မေးစေ့နဲ့ လက်တစ်ဖက် ၃ နေရာမှာသေနတ်ဒဏ်ရာရရှိထားတယ်လို့ ပြောပါတယ်။

ဘုရားကျောင်းဝင်းထဲကိုရောက်လာပြီး သေနတ် ၅ ကြိမ်ထက်မနည်း ပစ်ခတ်သွားတဲ့ လူ ၂ ယောက်က မျက်နှာတစ်ခုလုံးအုပ်ထားပြီး ထွက်ပြေးသွားတာကြောင့် ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာကို မသိလိုက်ရဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် အခုလို ဘုရားကျောင်းဝင်းအတွင်းအထိ လာရောက်ပစ်ခတ်သွားတဲ့ အဖွဲ့အစည်းတွေဟာ ကချင်လူမျိုးတွေကိုမလိုလားအပ်တဲ့ အဖွဲ့အစည်းတစ်ခုခုကသာ ဖြစ်တယ်လို့ မိုးညှင်းဒေသခံ အမျိုးသားက သုံးသပ်ပြောဆိုပါတယ်။

“ဒီအခြေအနေကို ကြည့်ရမယ်ဆိုရင် ကချင်လူမျိုးတွေကို မလိုလားအပ်တဲ့ သူတွေသာဖြစ်တယ်။ အခုဆိုရင် ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်လာတယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဘယ်အဖွဲ့အစည်းလဲဆိုတာ အားလုံးသိမှာပါ”လို့ပြောဆိုပါတယ်။

လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပွားနေတဲ့အခြေအနေတစ်ခုမှာ ဘာသာရေးအသီးသီးက သင်းအုပ်၊ သင်းထောက်၊ ဘုန်တော်ကြီးတွေနဲ့ ရိုးရာလူကြီးတွေ အသက်အန္တရာယ်စိုးရိမ်ရနေရတဲ့ကာလဖြစ်နေပြီလို့ဆိုပါတယ်။

သေနတ်ပစ်ခတ်ခံရတဲ့ ဖာသာရ်ပေါလ်ခွေရှင်းအောင်ဟာ မိုးညှင်းမြို့နယ် ကတ်သစ်လစ်သာသနာပိုင် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး သာသနာပြုတာ ၄ နှစ်ကျော်လောက်ရှိလာသူဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မိုးညှင်းမြို့နယ် ရထားသံလမ်းတစ်ကြောဖြစ်တဲ့ မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်းခွကျေးရွာမှာလည်း မတ်လအတွင်းမှာပဲ လမ်းခွကချင်နှစ်ခြင်းခရစ်ယာန် KBC အသင်းတော်ရဲ့ ဆရာဟောင်းတစ်ဦးဖြစ်တဲ့ ဆရာခွန်ဂျော်လီလည်း သူရဲ့ နေအိမ်ထဲမှာပဲ သေနတ်နဲ့ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

ဆရာခွန်ဂျော်လီ ပစ်သတ်ခံရမှုမှာလည်း မျက်နှာအုပ်ထားတဲ့ လူ ၂ ယောက်က ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ၅ ကြိမ်ထက်မနည်းလာရောက်ပစ်သတ်သွားတာဖြစ်ပါတယ်။

ခုလို မိုးညှင်း၊ မိုးကောင်းမြို့နယ် တစ်ကြောမှာ ဘာသာရေးဆရာတွေကို ပစ်မှတ်ထားပြီး အမည်မသိအဖွဲ့အစည်းတစ်ခုက လူသတ်မှုကျူးလွန်နေတဲ့ လုပ်ရပ်တွေကြောင့် လူမျိုးရေးပြဿနာတွေ ဖြစ်ပေါ်လာမှာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button