သတင်း

နမ့်ဖတ်ကာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဂိတ်များလွန်းတာကြောင့် ဒေသခံများသွား လာရေးအခက်ကြုံနေ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာတအာင်းတပ်မတော် TNLA တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေရဲ့ဂိတ်  ၁၀ ခုထက်မနည်းရှိတာကြောင့် ဒေသခံပြည်သူတွေသွားလာရေးမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာရဲ့အဝင်အထွက်လမ်းကြောင်းအားလုံး လက်နက်ကိုင်တော်လှန် တပ်ဖွဲ့တွေရဲ့ ဂိတ်တွေရှိသလို ပူးပေါင်းဂိတ်တွေလည်းရှိပြီး ဂိတ်အလွန်များနေတဲ့အတွက် ခရီးသွားပြည်သူတွေအတားအဆီးဖြစ်ပြီး အခက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အရမ်းများတယ်။ TNLA ၊ကိုးကန့် MNDAA  KIA အားလုံးရှိတယ်။ လမ်းမှာ ဂိတ်အရမ်းများတယ်။ အဖွဲ့အရမ်းများတော့ ဂိတ်တိုင်းအခွန်ဆောင် ရတယ်။အဲဒီအခွန်တွေဆောင်ရခြင်းအားဖြင့် ကျေးရွာထဲမှာက ကုန်ပစ္စည်းတွေသွင်းဖို့ထုတ်ဖို့ အတော်ခက်ခဲသွားတာပေါ့။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။

တအာင်းတပ်မတော် TNLA ဟာ လက်ရှိ နမ့်ဖတ်ကာတစ်ခုလုံးကိုမြင်နိုင်တဲ့ နမ့်ဖတ်ကာ– နမ့်ခမ်းဘက်သွားတဲ့လမ်းပေါ်ရှိ တောင်ကုန်းမြင့်ပေါ်မှာတပ်စခန်းတည်ဆောက်ပြီး ဂိတ်ထိုင်ထားတဲ့အပြင် နမ့်ဖတ်ကာနမ့်ခမ်းသွားလမ်းပေါ်မှာဂိတ် ၂ ခု၊ ကွတ်ခိုင်ဘက်သွား လမ်းပေါ်မှာ ဂိတ် ၂ ခု၊ မူဆယ်ဘက်သွားလမ်းပေါ်မှာ ဂိတ် ၁ ခု စုစုပေါင်း နမ့်ဖတ်ကာတစ်ဝိုက်မှာ TNLA ဂိတ် ၅ ခုရှိတယ်လို့ပြောပါတယ်။ 

အလားတူ နမ့်ဖတ်ကာကနေ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းဘက်သွားတဲ့အဝင်အထွက်လမ်း ကြောင်းပေါ်မှာ KIA ရဲ့ဂိတ် ၅ ခုလောက်ရှိတယ်လို့ သိရပါတယ်။ 

နမ့်ဖတ်ကာကျေးရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က အပြီးသိမ်းပိုက်လိုက်ပြီး လက်ရှိမှာအုပ်ချုပ်ရေးယန္တရား တွေလည်ပတ်နေပြီဖြစ်ပါတယ်။ 

နမ့်ဖတ်ကာထဲမှာ အဓိကတော့ KIA က အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတယ်။ တစ်ဖက်မှာ TNLA MNDAA တွေလည်း ရှိတာပေါ့  KIA ကတော့ သွားပါမလာနဲ့ဆိုတာတွေတော့ မပြောဘူး။ KIA ကတော့အတူယှဉ်တွဲနေထိုင်တယ်။တော်လှန်ရေးညီအစ်ကိုတွေအချင်းချင်းဖြစ်တာကြောင့်အတူတူနေနေတာဖြစ်တယ်။ နိုင်ငံရေးအခြေအနေလည်း အတည်တကျဖြစ်သေးတာ မဟုတ်တာ ကြောင့် လက်နက်ကိုင်အချင်းချင်း တော်လှန်ရေးတပ်ဖွဲ့တွေပဲဖြစ်တယ်လို့ ပြောတယ်။ ဒီပုံစံနဲ့ KIA ကတော့ ဘယ်သူ့ကိုမှ အတင်းအကျပ် တားမြစ်တ တွေမရှိဘူးပေါ့။” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။

ဒေသခံတွေပြောတာကတော့ လက်ရှိ KIA သိမ်းပိုက်ထားတဲ့ နမ့်ဖတ်ကာထဲကို TNLA ဂိတ်ထိုင်ခွင့်ပေးပေမယ့် TNLA သိမ်းပိုက်ထားတဲ့ နမ္မတူမြို့ထဲမှာ KIA တပ်ဖွဲ့ဝင်တွေကို ဂိတ်ချခွင့်မပေးတာ၊ဝင်ခွင့်မပေးတာ၊ ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ ပန်ဆိုင်းမြို့ထဲ KIA တပ်ဖွဲ့ဝင်တွေကို ဝင်ခွင့်မပြုတာလည်း ရှိနေတာကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေကြား ပြည်သူတွေနေထိုင်ရတာခက်ခဲတယ်လို့ ဆိုပါတယ်။ 

လက်ရှိ နမ့်ဖတ်ကာထဲမှာ တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA ကလည်း ဝင်ရောက်နေရာယူ အတူယှဉ်တွဲနေထိုင်နေကြတာလည်းဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ မူဆယ်နဲ့လားရှိုးကလွဲပြီး မြို့နယ်အားလုံးနီးပါးကို မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button